ရခိုင်အပျို၊ လူပျိုများ အရွယ်ရောက်လျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာဆောင်ခြင်းများရှိသလို အများအားဖြင့် မိဘများက အိမ်ထောင်ဘက်ကို ရွေးချယ်ပေးသည်က များပါသည်။ ရခိုင်လူမျိုးသည် မိဘစကားကို နာခံတတ်သူများဖြစ်သဖြင့် မိဘများ၏အစီအမံကို လက်ခံတတ်လေ့ရှိသည်။ သားသမီးများအချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့်မိဘများက ရွေးချယ်ပေးသောဓလေ့သည် ရခိုင်လူမျိုးတွင် ယခုခေတ်ချိန်ထိ ခေတ်စားလျှက်ရှိသည်။
.
ရှေးရိုးအစဉ်အဆက် ကျင့်သုံးလာခဲ့သော ရခိုင်လူမျိုးတို့၏ လက်ထပ်မင်္ဂလာပွဲဓလေ့သည် မြန်မာများနှင့်မတူ ထူးခြားသော ဓလေ့ထုံးစံများဖြစ်သည်။
ရခိုင်ရိုးရာသမက်တက်
ရခိုင်ရိုးရာမင်္ဂလာဆောင်တွင် မြန်မာရိုးရာမင်္ဂလာဆောင်နှင့်မတူ တမူထူးခြားသည်။ သမီးသျှင် (သတို့သမီး) နှင့် သမက်သျှင် (သတို့သား) လက်ထပ်ထိမ်းမြားသော မင်္ဂလာဆောင်ပွဲကို ရခိုင်စကားတွင် “သမက်တက်ပွဲ” ဟုခေါ်သည်။ ယောက္ခမအိမ်သို့ သမက်ကိုတင်ပို့ရသောကြောင့် လည်းကောင်း၊ လက်ထပ်ရန် သွားရသောကြောင့် လည်းကောင်း “သမက်တက်” ဟုခေါ်ရခြင်းဖြစ်သည်။ သံတွဲ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် အခြားသောဒေသများတွင် အနည်းငယ်ကွဲလွဲချက်ရှိသည်။
သမီးတောင်းခြင်း
ပထမယောက်ျားလေးဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှအမျိုးသမီးကြီးမှတဆင့် ပြောကြားပြီး ရက်တည့်မတည့် ဇာတာများယှဉ်ပြီး စီစစ်ရသည်။ ထို့နောက် ကောင်းသောရက်ကိုရွေးချယ်ပြီး စေ့စပ်ကြောင်းလမ်း ပြုလုပ်သည်။
စေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာ (အသွင်းနှင်းခြင်း၊ ပန်းဆင်ခြင်း)
စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲကို သမီးသျှင်အိမ်တွင်ပြုလုပ်သည်။ ရှေးဦးစွာ သမီးသျှင် ထိုင်ရန်နေရာ၏ လက်ဝဲလက်ယာဘက်တွင် အမျိုးသမီးအိမ်ထောင်သည်နှစ်ဦး ထိုင်ရသည်။ ဆွေမျိုးများနှင့် ဖိတ်ကြားထားသော အာဂန္တုများက ယင်းတို့၏ရှေ့တွင် နေရာယူရသည်။ ထိုအချိန်တွင် သမီးသျှင်ထွက်မလာရသေး။ သတ်မှတ်ထားသော မင်္ဂလာအချိန်ရောက်သောအခါ သမက်သျှင် (သတိုးသား) ဘက်မှ ဆွေမျိုးပရိတ်သတ်များ လာရောက်သည်။ လာရောက်သောအခါ သမီးသျှင်ကိုဆင်မြန်းပေးရန် ပန်းများနှင့် စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီထည့်၍ ယူလာရသည်။ ငွေဖလားဦးရေမှာလည်း မဂဏန်းအရွေအတွက်တိုင်း ကြိုက်သလို အသုံးပြုနိုင်သည်။ သမီးသျှင်သည် အမျိုးသမီးအရံတဦးနှင့်အတူ ထွက်လာပြီး သတ်မှတ်ထားသောနေရာတွင် ထိုင်ရသည်။ ပန်းများ၊ မုန့်များနှင့်အတူ သမက်သျှင်မိဘများထံမှ သမီးသျှင်အား စေ့စပ်ကြောင်းလမ်းခြင်း ရခိုင်အခါ် (ကတိသစ္စာပြုခြင်း) အထိမ်းအမှတ်အဖြစ် သားသျှင်ဘက်မှ အမိ (သို့မဟုတ်) အစ်မက သတို့သမီးကို ပန်းဆင်ပေးရသည်။
ထို့နောက်လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပေးပြီး အသွင်း( လက်ဖွဲ့အဖြစ်) ပေးဆောင်ရပါသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးသျှင်အား ပန်းပန်ပေးခြင်းပြုလုပ်သူကို သမီးသျှင်က အရိုအသေပြုကန်တော့ပြီးလျှင် စေ့စပ်မင်္ဂလာ အောင်မြင်ပါတော့သည်။
မင်္ဂလာလက်ထပ်မည့်နေ့ရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေး သတ်မှတ်ရပါသည်။ ဆွေမျိုးပရိသတ်များကို မင်္ဂလာရက်ကြေငြာပေးရသည်။ ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွေမျိုး၊ ပရိသတ်များကို ဧည့်ခံကျွေးမွေးရသည်။ စေ့စပ်ပွဲပြီး၍ သမက်သျှင်ဘက်မှပြန်ကျသောအခါ သမက်သျှင်ဘက်မှယူလာသော ငွေဖလားထဲမှ မုန့်အချိုများကို သမီးသျှင်ဘက်မှလက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးသျှင်ဘက်မှလည်း မုန့်များကို ပြန်ထည့်ပေးရသည်။
လက်ထပ်မင်္ဂလာပွဲ
လက်ထပ်မင်္ဂလာပွဲတွက် မင်္ဂလာပွဲတင်ကို တရက်ကြိုတင် ပြုလုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲအတွက် ရှေ့ဦးစွာဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ ယင်းပွဲကို သမီးသျှင်အိမ်၌သာ ပြုလုပ်ရသည်။ မင်္ဂလာပွဲနေ့ ရောက်သောအခါ ယင်းနေ့ မိုးသောက်အာရုဏ်တွင် သမီးသျှင်သမက်သျှင်တို့အား မိမိအိမ်များမှာပင် မြတ်စွာဘုရားအားဦးထိပ်ထား၍
ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရသည်။ အဘိုး၊ အဘောင် (အဘွား)၊ လူကြီးမိဘများကိုကန်တော့၊ မင်္ဂလာစကားတတ်ကျွမ်းသူများက နံ့သာရည်များဖြင့် ပတ်ဖြန်းခြင်းများပြုလုပ်ကာ မင်္ဂလာမြှောက်ရသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်မင်္ဂလာပွဲအတွက် အဓိကအရေးကြီးဆုံးဖြစ်သည်။ ရှေးဦးစွာ မင်္ဂလာစားပွဲငယ်ကို ပြင်ဆင်ရသည်။
ယင်းစားပွဲတွင်ပါဝင်ရမည့်အချက်များမှာ-
မင်္ဂလာမြှောက်ခြင်း
မင်္ဂလာထမင်းပွဲပြင်ဆင်ခြင်း
သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကိုစားပွဲခင်း၍ အပေါ်တွင်စပါးဖြူးထားသည်။ ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံ မင်္ဂလာ ကြွေပန်းကန်ပြားကြီးတွင် ကောက်ညှင်းနှင့် ထမင်းများထည့်၍ တင်ထားရသည်။ ယင်းထမင်းပေါ်တွင် ချက်ပြီးသား ခြေလက်အမွှေးစုံသော ပုစွန်တုပ်ကြီးနှစ်ကောင်၊ အမွှေးစုံအကြေး ခွံပါသော ငါးကန်သားနှစ်ကောင်၊ ဘဲဥနှစ်လုံး၊ မြောက်ဥ (ခေါ်) ကင်းစွန်းဥနှစ်ဥနှင့် အခွံနွှာပြီးသောငှက်ပျောသီးနှစ်လုံးစီဖြင့် ပြင်ဆင်ထားရသည်။ ငါး၊ ပုစွန်၊ ဥ၊ သီးနှံစပါးပေါကြွယ်စေရန် အတိတ်နမိတ် ယူထားခြင်းဖြစ်သည်။ စပါးများထဲတွင် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများမြှပ်နှံထားရသည်။ ရွှေငွေပွားများအောင် ရည်ရွယ်ခြင်းဖြစ်သည်။
သမီးသျှင်ထိုင်သော နေရာလက်ယာဘက်တွင် ရေစင်အိုးဟုခေါ်သော ကြေးအိုးငယ်နှစ်လုံး တင်ထားရသည်။ ကြေးအိုးအပြင်ဘက် ပတ်လည်ကို မင်္ဂလာပရိတ်ခြည်ဖြင့် ပတ်ထားရသည်။ ကြေးအိုး၌ရေထည့်ထားပြီး သပြေပန်း၊ အချိန်ခါကောင်းသတ်မှတ်သောစာရွက် (အခါစာ) တို့ကို ထိုးထားရသည်။
ထမင်းစားပန်းကန်ပြား၏ လက်ဝဲဘက်တွင် ပန်းကန်ပြားငယ်များတင်ပြီး ယင်းပန်းကန်ပြားငယ်အသီးသီးတွင် ကြက်တကောင်လုံး အူအသဲစုံစွာ ငရုတ်သီးမပါဘဲ ချက်ရသည်။ ပုစွန်တုပ်ကို အကောင်မပျက်ကျော်ရသည်။ ရွှေဖရုံသီးချက်ထည့်ရသည်။ ကျန်ပန်းကန်ပြား နှစ်ခုတွင် ကြက်နှင့်ပုစွန်သာ ထည့်ရသည်။ ကြက်နှစ်ပန်းကန်ပြား၊ ပုစွန်နှစ်ပန်းကန်ပြား ၊ ရွှေဖရုံသီးနှစ်ပန်းကန်ပြား ဖြစ်သည်။ မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြေးရှိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မြောက်ဥ၊ ကင်းစွန်းဥ၊ ချဉ်ပေါင်ဟင်းများထည့်ထားသည့် ဟင်းစားပန်းကန်ကတဖက် ထားရှိသည်။ ပုစွန်ဆိုလျှင် နှုတ်ခမ်းမွှေး အမျှင်မပြတ်စေရ။ အကျိုးအပဲ့အနာအဆာများမပါစေရန် အထူးဂရုပြုရသည်။
ဤမင်္ဂလာစားပွဲကို မင်္ဂလာဆောင်မည့်နေရာတွင်ထားရှိပီး မင်္ဂလာမြှောက်ခြင်းပြုလုပ်ရသည်။ အညွှန့်ရှိသော အမျိုးသမီးက သမက်သျှင်အိမ်မှ ဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူးစသဖြင့် စုံဂဏန်းကို သမီးသျှင်အိမ်သို့သွားပို့ကာ သမီးသျှင်အိမ်မှ ဆန်များနှင့်ရောပြီး အညွှန့်ရှိသောအမျိုးသမီးက မင်္ဂလာလက်ဆုံထမင်းပွဲအတွက် ချက်ရသည်။
အညွှန့်ရှိသော အမျိုးသမီးဆိုသည်မှာ လူပျို၊ အပျိုလက်ထပ်ပြီး မကွဲမကွာမောင်နှံစုံအတူတကွ နေထိုင်၍ သားသမီး တယောက်တလေမှ ပျက်စီးခြင်းမရှိသော “အိမ်ထောင်သျှင်မ” ကိုဆိုလိုသည်။
အထက်ပါ မင်္ဂလာပွဲပြင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမှီ ပြင်ဆင်ထားရသည်။ ဘုန်းကြီးကြွလာပြီး ပရိတ်နာသည့်အခါ မင်္ဂလာစားပွဲမှာ ဘုန်းကြီးများရှေ့တွင် တည်ရှိနေရမည်။ ယင်းမင်္ဂလာစားပွဲရှိတွင် သမီးသျှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရသည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးသျှင်မွေးရက်နှင့် နေ့နံသင့်သူများဖြစ်သည်။ ရှေးဦးစွာသီလခံယူပြီးလျှင် ပရိတ်ကြိုးဖြင့် စည်းဝိုင်းချသည်။
သမီးစောင့်ခြင်း
သမက်တက်သည့်နေ့ မိုးသောက် ကိုးနာရီခန့်တွင် သမီးသျှင်နှင့်ရင်းနှီးသော မိတ်ဆွေ၊ အမျိုးသမီးငယ်များနှင့်၊ ဆွေမျိုးများကို ထမင်းကျွေးရသည်။ သမီးသျှင်မှာ အလှပဆုံးဝတ်စားဆင်ယင်ကာ နေ့သင့်နံသင့်အပျိုရံနှစ်ယောက် လက်ဝဲလက်ယာရံလျှက် မင်္ဂလာဆောင်မည့်နေရာတွင်ထိုင်၍ ဧည့်ခံရသည်။
သမက်တက်ခြင်း
သမက်သျှင်ဘက်မှ သမီးသျှင်ဘက်သို့သွားသောအခါ သမက်သျှင်အဖေ၊ အဘိုး၊ ဆွေမျိုး သက်ကြီး ၀ါကြီးများက ရှေ့မှ ဦးဆောင်လာကြပြီး အမိ၊ အဘောင် (အဘွား) စသောသက်ကြီးဝါကြီး အမျိုးသမီးများက နောက်မှလိုက်ရသည်။ ထို့နောက် အုပ်ထမ်းသူ အညွန့်မိန်းမများက တယောက်ချင်းတန်းစီ၍ လျှောက်ရသည်။ အုပ်ထမ်းသူများမှာ မိန်းမချော၊ မိန်းမလှများဖြစ်သည်။ ရှေ့ဆုံးမှ အညွန့်ပန်းအုပ်ကို သမက်သျှင်၏အစ်မ (သို့မဟုတ်) ဆွေမျိုးရင်းချာထဲက ထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ ငှက်ပျောသီးများထည့်ကာ ထမ်းလာရသည်။ အုပ်ထမ်းသူများအတွက်လက်ဆောင်အဖြစ် ပုဝါပိုင်းများကို အုပ်များတွင်ချိုင်နှောင်ထားရှိသည်။ အုပ်များကို သမက်သျှင်တတ်နိုင်သည့်အလျှောက် (၇) အုပ် (၉) အုပ်ထားရှိသည်။
အုပ်ထမ်းသူများ၏ နောက်နားတွင် သမက်သျှင်အဖွဲ့ ပါသည်။ သမက်သျှင်၏ ဦးသျှောင်နှင့် ရေစင်အိုးကို ရှေ့ကသယ်ယူလာရပြီး သမက်သျှင်မှာ ခေါင်းပေါင်း၊ ပန်းဖော်တောင်ရှည်ပုဆိုး၊ လိုင်ထောင်အင်္ကျီ၊ ရင်ဖုံးပြင်ခံအင်းကျီများကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်သူများခြံရံလျှက် လိုက်ပါလာရသည်။ ၄င်းတို့၏နောက်တွင် သမက်သျှင်၏အပေါင်းအဖော်များမှာ သေတ္တာနှင့် အိပ်ရာလိပ်များကို သယ်ဆောင်လာလကြပြီး ဗုံ၊ လင်ခွင်း၊ ပုလွေတီးမှုတ်သူများနှင့် တပျော်တပါးတီးမှုတ်လိုက်ပါလာရသည်။
သမီးသျှင်အိမ်ရောက်သည့်အခါ သမီးသျှင်မိဘ ဆွေမျိုးများက ဆီးကြို၍ ဧည့်ခံပြီး နေရာထိုင်ခင်းများပေးသည်။ ရှေးဦးစွာအညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့်အတူပန်းဆင်ပေးရန် သမီးသျှင်အနားတွင် နေရာယူရသည်။ ကျန်အုပ်များကို သမီးသျှင်အိမ်မှလက်ခံယူ၍ နေရာချထားသည်။ သမက်သျှင်ဘက်မှ သယ်ဆောင်လာသော မင်္ဂလာရေစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးသျှင်၏ရေစင်အိုးနှင့်အတူ ထားရသည်။ အညွန့်အုပ်ထမ်းလာသူ သမက်သျှင်၏အစ်မဆေမျိုးများက သမီးသျှင်ကို ပန်းဆင်ပေးရသည်။ အညွန့်အုပ်တွင် ရာသီအလိုက်ပန်းများပါလာရသည်။
ဥပမာ-
နှင်းပန်း အေးချမ်းစေရန်
နှင်းဆီပန်း မွေးကြိုင်လန်းဆန်းစေရန်
သဇင်ပန်း သန့်ရှ င်းစင်ကြည်စေရန်
အချစ်တရာ (အချပ်တရာ) ပန်း အချစ်အနှစ်တရာတိုင်စေရန်
စံကားပန်း စံစားရစေရန်
ပန်းများပန်းကုံးများကို တစုံစီ အညွန့်အုပ်တွင် ထည့်ယူလာရသည်။ ပန်းဆင်ပေးသူက ပန်းများကို တစုံစီ ငါးစုံဆင်မြန်းပေးရသည်။ ဆံထုံးထဲတွင်လည်း ပန်းကုံးများထိုး၍ ပန်းပန်ပေးရသည်။ ထို့နောက် သမီးသျှင်ကို သျှောင်ဆောင်းပေးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးသျှင်ကို ပန်းပန်ဆင်ပြီးနောက် သမက်သျှင်ကို အိမ်ထဲသို့ဝင်စေသည်။ အ၀င်တွင် သမီးသျှင်၏ ညီမအပျိုများက ခြေဆေးပေး၍ ငွေတောင်းခံသည်။ လူပျိုရံများက ဈေးဆစ်ခြင်းဖြင့် အချေအတင်ပြောဆိုရသည်။ လူပျိုရံ၊ အပျိုရံများ တစေ့ တစောင်းပြောဆိုရသဖြင့် ပျော်စရာကောင်းသည်။ အိမ်ပေါ်သို့ရောက်သောအခါ သမက်သျှင်ကို ရေတခွက်တိုက်ရသည်။ ထို့နောက် သမက်သျှင်ကို သမီးသျှင်၏ညာဘက်တွင် နေရာယူစီပြီး သျှောင်ဆောင်းပေးရသည်။ ထိမ်းမြားပီးသူများက မင်္ဂလာစားပွဲပေါ်ရှိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရေစင်အိုးများကိုလည်းကောင်း (၇) ပတ်၊ (၉) ပတ်ပတ်ထားသော ပရိတ်ခြည်မျှင်ကွင်းများဖြင့် တမျိုးတစုံကျစီ ရစ်ပတ်ပေးရသည်။ ထို့နောက် မောင်နှံအစုံအပါအ၀င် မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ သေတ္တာများအားလုံးကို ပရိတ်ခြည်မျှင်များဖြင့် ရစ်ပတ်ပေးရသည်။ ထို့နောက် သမက်သျှင်၏ညာလက်နှင့် သမီးသျှင်၏ညာလက်ကိုပေါင်း၍ ခြည်မျှင်များဖြင့် ရစ်ပတ်ပေးရသည်။
လက်ထပ်ပေးသည့်အမျိုးသမီးကြီးများက မောင်နှံစုံကို အောင်သပြေခက်ဖြင့် ရေစင်အိုးနှစ်စုံ ပေါင်းစပ်ထားသော ရေစင်များဖြန်းကာ ဆုတောင်းမေတ္တာပို့ရသည်။ ဆက်လက်၍ သမတ်သျှင်နှင့်သမီးသျှင်လက်များကိုပေါင်းပြီး ရေစင်သွန်းလောင်းရသည်။ သမီးသျှင်လက်ကိုအောက်တွင်ထားပြီး သမက်သျှင်လက်ကိုအပေါ်မှာ ထားရသည်။ အချို့မှာ သမက်သျှင်လက်ကိုအောက်ကလှန်ပြီး သမီးသျှင်လက်ကို အထက်ကမှောက်သည်။ အဓိပ္ပါယ်မှာ သမက်သျှင်က သမီးသျှင်ကို ညာလက်ဖြင့်တောင်းဆိုခြင်းကို သမီးသျှင်က ညာလက်ဖြင့်လက်ခံခြင်းသဘော၊ သမက်သျှင်က သမီးသျှင်ကို တသက်လုံးစောင့်ရှောက် ထောက်ပံ့တာဝန်ယူသွားမည်ဟူသော သဘောကိုဆောင်သည်။
မိဘကန်တော့ခြင်း
သမီးသျှင်ရှေ့တွင် သမက်သျှင်ဖခင်၊ သမက်သျှင်ရှိတွင် သမီးသျှင်ဖခင်တို့က နေရာယူရသည်။ သမီးသျှင်၊ သမက်သျှင်တို့က ဖခင်နှစ်ဦးရုံ လာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပေးခြင်း၊ မိခင်များအားလည်း ထမင်းခုနှစ်ဆုပ် တပြိုင်တည်းထည့်ပီးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။
လက်ဆုံစားခြင်း
မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားရသည်။ စားသောက်ပြီး ငွေဖလားတွင် အတူလက်ဆေးရသည်။
လက်ဖွဲ့ခြင်း
ထမင်းလက်ဆုံစားပြီးနောက် မိဘဆွေမျိုးမိတ်ဆွေများက သမီးသျှင်သမက်သျှင်ရှေ့ ငွေဖလားနှစ်ခုထဲသို့ လက်ဖွဲ့ငွေများ ထည့်ရသည်။ လက်ဖွဲ့လက်ခံပြီးသော ဖလားကို သမက်သျှင်က သမီးသျှင်ကိုအပ်ရသည်။ သမီးသျှင်ကကန်တော့၍ လက်ခံယူရသည်။
သျှောင်ချသျှောင်တင်
သမက်သျှင်က မိမိသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏သျှောင်ကိုချွတ်ယူကာ မိမိ၏သျှောင်ကို ဆောင်းပီးရသည်။ သျှောင်တင်၊ သျှောင်ချပြုလုပ်စဉ် သမီးသျှင်က သမက်သျှင်ကို ရှိခိုးရသည်။ သျှောင်တင်၊ သျှောင်ချခ အဖြစ် သမက်သျှင်က သမီးသျှင်ကို ငွေလက်ဖွဲ့သဖြင့် သမီးသျှင်က ကန်တော့ပြီး လက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်သျှင်က သမီးသျှင်ဘက်မှအပျိုရံလူပျိုရံများက ရွှေကြိုးတားထား၍ ကြိုးတားခပေးရသည်။ နောက်ဆုံးခန်းဝင်ခ ပေးဆောင်ရသည်။
အိမ်ပြန်လည်ခြင်း
သမက်တက်ပြီး (၇) ရက်နေ့တွင် သမီးသျှင်၊ သမက်သျှင်များသည် သမက်သျှင်၏ မိဘအိမ်သို့ မိုးထက်မှစ၍ လည်ရသည်။ သမက်သျှင်၏မိဘ၊ အဘိုးအဘောင် (အဘွား) များကို သမီးသျှင်၊ သမက်သျှင်တို့က ကန်တော့ရသည်။ ညစာစားပြီးမှ ပြန်ရသည်။ သို့ဖြင့် ကြင်စဦးဇနီးမောင်နှံနှစ်ဦးသည် အိုးအိမ်တည်ထောင်ကာ တလင်တမယားစနစ်ဖြင့် တသက်လုံးပေါင်းဖော်ရတော့သည်။
ရခိုင်လူမျိုးများသည် မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင် ရှောင်ကျဉ်လေ့ရှိပြီး တပေါင်းတန်ခူးလများတွင် အများဆုံး ကျင်းပပြုလုပ်သည်။ ပြာသိုလတွင် မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ်ဘဲ မွဲပြာကျတတ်သည်ဟု အယူရှိသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းချက်များစွာရှိသည်။ ထိုချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာပြီး လက်ထပ်မင်္ဂလာပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရိုးရာမပျက် ချစ်မြတ်နိုးစရာဖြစ်သည်။ ရခိုင်လူမျိုးတို့၏ ချစ်စရာကောင်းသောဓလေ့၊ တမူထူးခြားသော မင်္ဂလာအယူအဆများဖြစ်သည်။
.......................
ကျမ်းကိုးကားစာအုပ်များ
သားချင်းများအကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
ပြည်ထောင်စုသားများ၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ
(တက္ကသိုလ်သျှင်သီရိ)
မြတ်ပန်းသဇင် ရခိုင်အမျိုးသမီးအသင်း (ရန်ကုန်)၂၀၀၇ ထုတ်
..............
http://arakanliterature.webs.com/stories.htm
.
A.S.M.A ဘလော့မှာ ပို့(စ်)တင်သော အသျှင်များ အထူးလိုက်နာရန်
Home � ယျဉ်ကျေးမှု့ � ရခိုင်သမက်တက်
ရခိုင်သမက်တက်
Posted by Myat Khine on 4:47 AM // 0 comments
0 comments to "ရခိုင်သမက်တက်"