၂း ၂
ကျွန်တော်အတွေးနယ်ချဲ့နေမိသည်။ အမှန်ဆိုလျှင် အမေသာမဟုတ်။ လူသားတိုင်း တစ်နေ့တစ်နေ့ အိုနေကြသည်ချည်း။ “ တစ်နေကွယ်၊ သေနယ်သို့ တစ်ရက်ကူး ” ဟု စာဆိုဦးပုညက သတိတရားပေးထားခဲ့သည်။ ဇာတိ၊ ဇရာ၊ ဗျာတိ၊ မရဏ ဟု ရှိသည်မဟုတ်လား။ ခန္ဓာရလျှင် အိုရမည်။ အိုပြီးနာရမည်။ နာပြီးတဖန် သေမင်း၏ ခံတွင်းသို့ သက်ဆင်းကြရမည်။ မမြဲသော ကျွန်တော်တို့၏ သည်ခန္ဓာကိုယ်ကြီးကား အမြဲဖောက်ပြန်နေသည်။ .အနိစ္စသဘောကို ဆောင်သည်။သည်နေ့ နေကောင်းသော်လည်း နက်ဖြန်ဖျားချင် ဖျားမည်။ အအေးမိပြီး ချောင်းဆိုးချင်လည်း ဆိုးဦးမည်။ ဒုက္ခတရားက သည်အပုပ်ကိုယ်ကြီးကို အချိန်ပြည့် သုခတွေပေးမည်မဟုတ်။ ဖောက်လွဲ ဖောက်ပြန်တတ်သော သည်ခန္ဓာကိုယ်ကြီးကား အမြဲယိုယွင်းနေသည်။ ပျက်စီးနေသည်။ အပုပ်တွေသာ အမြဲယိုထွက်နေသည်။ သို့သော် တစ်ချို့လူတွေ အသိခေါက်ခက် အဝင်နက်နေကြသည်။ သူတို့ကိုယ် သူတို့ မသေဆေးများ စားထားရဘိသကဲ့သို့ ရလာသည့် လူ့ဘဝတိုတိုလေးတွင် အလိုလို ဘဝင်တွေမြင့်နေကြသည်။ ရာထူး၊ ဂုဏ်သိန်၊ အတ္တ၊ မာန၊ ဓနတွေနှင့် အချင်းချင်း မာန်ကြွနေကြသည်။ ပြိုင်ဆိုင်နေကြသည်။ သို့ဆိုလျှင် သေလွန်သောအခါ ပိုင်ဆိုင်သမျှ အရာဝတ္ထုများ အတူတူလိုက်သေမည်လော။ မဟုတ်တန်ရာ။
လူဟူသည်မှာ ပိုးဖလံမျိုး မီးကိုတိုးနေကြခြင်းသာဖြစ်သည်။ တစ်နေ့တစ်နေ့ နေဝင်မိုးချုပ် အကုသိုလ်အလုပ်တွေနှင့် အချိန်ကုန်နေကြသည်။ အပျော်အပါးကိုလိုက်စားပြီး မိုက်မှားရင်း မိုက်မှားနေကြသည်။ အမှန်ဆိုရလျှင် လောကီ၊ လောကုတ် အကျိုးမယုတ်စေဖို့ ခုကတည်းက တရားဘာဝနာ အားထုတ်ရမည်။ သို့သော် ထိုသို့ မပြုမူ၊ မကျင့်ကြံကြ။ တရားအလုပ်ထက် အပုပ်ကိုယ်အနှံ့ အမွှေးနံ့သာဖြင့် လိမ်းကျံဖို့ကို ဦးစားပေးနေကြသည်။ ပြောခဲ့ပြီးသည့်အတိုင်း သည်လူ့ခန္ဓာကိုယ်သည် အချိန်မရွေး အပုပ်တွေသာ ထွက်ကျနေသည်။ မည်မျှပင် အလှဆင်ဆင် ဒေါင်းယောင်ဆောင်သော ကျီးမျှသာဖြစ်မည်။ အိုရမည်၊ နာရမည်၊ သေရမည်ကိုတော့ ကြောက်ကြသည်။ ခန္ဓာချုပ်ငြိမ်းရာ နိဗ္ဗာန်ကိုသွားမည့်အရေး မတွေးမိကြ။ မဂ်လမ်း၊ ဖိုလ်လမ်းကိုတော့ လျောက်လှမ်းချင်ကြသည်။ တရားအလုပ် အားထုတ်ဖို့တော့ စိတ်ကူးမရ။ နည်းနည်းတော့ သဘာဝမကျချင်ပေ။ အ,ဝိဇ္ဇာကြောင့်ဟု ဆိုချင်သည်။ တဏှာကလည်း ပံ့ပိုးနေသေးသည်။ တွေးကြည့်လျှင် ရေးရေးပေါ်လာပါလိမ့်မည်။
၂း ၃
ဘာရယ်မဟုတ်။ ကျွန်တော်တွေးနေမိခဲ့သည်။ အသက် (၂ဝ) ဝန်းကျင်သာရှိသေးသောကျွန်တော်….။ တရားသဘောတွင် နစ်မြောသွားခဲ့သည်။ ဖြေချင်းချက်တစ်ခုထွက်ကျလာသည်။ တရားအလုပ်ကို အားထုတ်မည်ဆိုလျှင် အသက်အရွယ်နှင့် လုံးလုံးမျှမဆိုင်။ စိတ်အားထက်သန်မှုသာလိုသည်။ သို့သော် ကျွန်တော်သည် တရားဘာဝနာဘက်ကို ခေတ္တမျှ အလည်သွားခြင်းသာဖြစ်သည်။ ထို့ကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောကိုလည်း ဖြည်းဖြည်းချင်း နားလည်လာသည်။ တဒင်္ဂအတွင်း အမေ့ကို သံဝေဂယူမိခြင်းကြောင့်ဖြစ်သည်။ အမေပေးသော သံဝေဂဖြင့် ကျွန်တော့်စိတ်ကို တရားသဘောဘက်သို့ ယိမ်းယိုင်ညွတ်ကျသွားစေသည်။ ကျွန်တော်ထပ်ဆင့် တွေးမိသည်။ “ လာမည့် နွေသင်္ကြန်အတွင်း ချစ်သူငယ်ချင်းတွေနှင့် ကဲမည့်အစား ရွာရှိဘုန်းကြီးကျောင်းတွင် ဥပုသ်သီလဆောက်တည်ပြီး တရားဘာဝနာစီးဖြန်းလျှင် ကောင်းမည်လား ” ဟု……..။ ။
.
A.S.M.A ဘလော့မှာ ပို့(စ်)တင်သော အသျှင်များ အထူးလိုက်နာရန်
Home � ကိုယ့်တွေးကိုယ့်အမြင် � အမေပေးတဲ့ သံဝေဂ အပိုင်း ၂
အမေပေးတဲ့ သံဝေဂ အပိုင်း ၂
Posted by Myat Khine on 5:19 AM // 0 comments
0 comments to "အမေပေးတဲ့ သံဝေဂ အပိုင်း ၂"