A.S.M.A ဘလော့မှာ ပို့(စ်)တင်သော အသျှင်များ အထူးလိုက်နာရန်

Home � ထိန်းသိမ်းရမည့်တာဝန်(မြန်မာပြန်)

ထိန်းသိမ်းရမည့်တာဝန်(မြန်မာပြန်)

ခေတ်ရေစီးကြောင်းသည် အမြဲတမ်းပြောင်းလဲနေတတ်ပါသည်။
ငြင်းလို့မရပါ။ ခေတ်နှင့်အညီ လူသားများသည်လည်း အမျိုးမျိုးပြောင်းလဲဖန်တီးလာကြသည်။ အပြုအမူ၊ အယူအဆများကို ပြောင်းပစ်တတ်ကြသည်။ ဒါကိုလက်ခံပါသည်။ ပုပ်သိုးနေသော အယူဝါဒ၊ အသုံးမကျသော အတွေးအမြင်များကို ဖယ်ရှားပစ်ကြပါ။ သို့သော် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကိုဖြင့် ဆွဲမထည့်ကြပါနှင့်။.ယခုခေတ်ဆယ်ကျော်သက် ရခိုင်လူငယ်များကိုကြည့်ပါ။ အနောက်တိုင်းယဉ်ကျေးထဲတွင် နစ်မြုပ်နေကြသည်။ တိုင်းတစ်ပါးယဉ်ကျေးမှုကို အထင်ကြီးနေကြသည်။ မိမိတို့ ရခိုင့်ယဉ်ကျေးမှုနှင့် ဖီလာနေကြသည်။ပစ်စလက်ခတ် မေ့ထားကြသည်။ ဆိုးသည်မှာ ရခိုင့်ဆယ်ကျော်သက် မိန်းမပျိုများပင်ဖြစ်သည်။ ပြောပုံဆိုပုံ၊ နေပုံထိုင်ပုံ၊ ၀တ်ပုံစားပုံများက အချိုးအစားမကျ။ ကိုးရီးယား၊ ကိုးရီးယားနှင့် ကိုးရီးယားမင်းသား၊ မင်းသမီးများကို လိုက်တု။ အဝတ်အစားဒီဇိုင်းအသစ်ထွင်။ ဟိုကကွဲ၊ သည်ကပြဲ၊ အစိပ်စိပ်အမြွာမြွာခွဲကာဝတ်ဆင်နေကြသော အဝတ်အစားများ။ မမြင်အပ်သင့်သည့်အရာများကို မြင်နေရသည်မှာ တစ်မျိုးကြီး။ မြင်သည့်မျက်စိကို ဖောက်ထုတ်ပစ်လိုက်ချင်သည်။ အဲဒီလောက်ထိ။
ရခိုင့်ဆယ်ကျော်သက် လူပျိုလေးများကိုလည်းကြည့်ပါ။ ဝတ်စားထားပုံမှာ ရခိုင့်ယဉ်ကျေးမှုနှင့်လုံးလုံးမျှ
မကိုက်ညီ။ အကြောင်ကြောင်အကျားကျား အင်္ကျီများကို ဘောင်းဘီရှည်ပွယောင်းယောင်းနှင့်ဝတ်။ ဆံပင်ပုံစံကို
အမျိုးမျိုးလုပ်ပြီး စတိုင်ထုတ်ကာ သရုပ်ပျက်နေကြသည်။ မိမိတို့၏ ရခိုင့်ရိုးရာယဉ်ကျေးမှုနှင့် မကိုင်ညီသော်လည်း “ ငါ...ရခိုင်ပြည်ဖွား၊ ရခိုင်သား ” ဟု မော်ကြွားနေကြသည်။ ရခိုင်သားကား ရခိုင်သားပါ။ ရေမရော။ တိုင်းတစ်ပါးယဉ်ကျေးမှု ရောထားခြင်းသာ ဖြစ်ပါသည်။ယောက်ျားဖြစ်သောကြောင့် မိန်းကလေးများလောက်တော့ မဆိုးပါ။ အမြင်သင့်တော်ပါသည်။ ဆိုးသည်ကား ဆိုးသည်အမှန်။ သည်သို့ အနောက်တိုင်းယဉ်ကျေးမှုထဲတွင် မြုပ်ပြီး ဘဝပျက်စီးသွားရသည့် ရခိုင့်ဆယ်ကျော်သက် လူပျိုလေးများမှာ ဒုနှင့်ဒေး။ သိတတ်သည့်သူများက မိမိတို့ သူငယ်ချင်း၊ အပေါင်းအသင်းများ ယခုလို ခြေလှမ်းမှားနေကြသည်ကို မြင်လျှင် ကြည့်မနေကြပါနှင့်။ သူတို့ဘဝကို တည့်မတ်ပေးကြပါ။ လမ်းကောင်း၊ လမ်းမှန်ကိုရောက်အောင် မ,တင်ပေးကြပါ။
ယခုကဲ့သို့ တက်သစ်စ ဆယ်ကျော်သက် ရခိုင်လူငယ်၊ မောင်မယ်များသည် မိမိတို့ရိုးရာ၊ မိမိတို့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်နေသော အနောက်တိုင်းယဉ်ကျေးမှုများကို ဆက်လက်ပြီး လက်ခံနေကြမည်ဆိုလျှင် များမကြာသော အနာဂတ်တွင် သမာသမတ်ကျပါမည်လော။ ရခိုင်လူမျိုးအပါအဝင် ရခိုင့်ရိုးရာ၊ ရခိုင့်ယဉ်ကျေးမှုများသည် အစရှာမရ ပျောက်ပျက်သွားရပေလိမ့်မည်။ စဉ်းစားကြည့်ကြပါ။ “ မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုးလို့ လူမျိုးပျောက် ” ဟူသော စကားပုံလည်း ရှိသည်မဟုတ်ပါလား။ မိမိတို့အနေအထိုင်မတတ်သောကြောင့် မိမိတို့ ရခိုင့်မျိုးနွယ်စု ကွယ်ပျောက်သွားရသည် ဟူသောဆိုစကားမှာ လူကြားလို့ မကောင်းပါ။
ရခိုင့်ယဉ်ကျေးမှု၊ ရခိုင့်သုခုမ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်မှာ ရခိုင်တစ်မျိုးသားလုံးနှင့် ဆိုင်ပါသည်။အထူးသဖြင့် တက်သစ်စ ရခိုင့်ဆယ်ကျော်သက် လူငယ်၊ မောင်မယ်များပင်ဖြစ်သည်။ထိုသို့မဟုတ်ပါမူ မဝေးသောအနာဂတ်တွင် ရခိုင်တို့တန်ဖိုးထားကြသည့် ရခိုင်လူမျိုး၊ ရခိုင့်ယဉ်ကျေးမှု၊ ရခိုင့်စာပေများသည် မြန်မာ့မြေပုံကနေ အပြီးအပိုင် ထွက်ခွါသွားရပေလိမ့်မည်။ ထိုအခါ ကမ္ဘာသူ၊ ကမ္ဘာသားများက မည်ကဲ့သို့ထင်ကြေးပေးကြမည်နည်း။ သမိုင်းရေးဆရာများကကော မည်ကဲ့သို့ ဝေဖန်ကြမည်နည်း။
ယင်းကြောင့် အမျိုးကိုချစ်ပါ။ ယဉ်ကျေးမှုကို ထိန်းသိမ်းပါ။ အနောက်တိုင်းယဉ်ကျေးမှုကို CRAZY မဖြစ်ကြပါနှင့်။ ခေတ်အဆက်ဆက် နာမည်ကောင်းဖြင့် ထင်ရှားလာသည့် ရခိုင့်ယဉ်ကျေးမှုသည် မြန်မာ့သမိုင်းနံပါတ် ( ၁ ) နေရာတွင် ပါဝင်လာနိုင်အောင် မည်သို့မည်ပုံ စွမ်းဆောင်ကြိုးပမ်းကြလျှင် ကောင်းမည်နည်း ဟူသည်ကို သည်စာပိုဒ်အား ဖတ်ပြီးသည်နှင့် တဆိတ် စဉ်စားကြည့်ကြပါ။ ဆွေးနွေးကြည့်ကြပါ။ ဝေဖန်အကြံပြုကြပါ။
တလက်စတည်း ပြောလိုက်တော့မည်။ ရခိုင့်လူကြီးမိဘများကလည်း မိမိတို့၏ ရခိုင့်ယဉ်ကျေးမှု ဆက်လက်ရှင်သန်နိုင်ရန်အတွက် မိမိတို့၏ သားငယ်၊ သမီးငယ်များကို ဆုံးမသွန်သင်ပေးစေချင်သည်။ ရခိုင်ကိုချစ်သည်၊ ရခိုင်ကိုတန်ဖိုးထားသည်ဆိုလျှင် မိမိတို့၏ ရခိုင်သက်တမ်း ရှည်ကြာနေနိုင်လာစေဖို့အရေး စဉ်းစားကာ ဝိုင်းဝန်းလုပ်ဆောင်ကြရမည်ဖြစ်သည်။ ရခိုင်ကိုချစ်သည်၊ ရခိုင်ကိုတန်ဖိုးထားသည်ဆိုလျှင်ဖြင့် မိမိတို့ ရခိုင်ပြည်နှင့် ရခိုင်သူ၊ ရခိုင်သားတို့၏ တိုးတက်ရာ၊ တိုးတက်ကြောင်းကိုလည်း တစ်ဒေါင့်တစ်နေရာကနေပြီး ကြိုးပမ်းကြရန်လိုသည်။ ။
( မှတ်ချက် ။ ။ ၂၀၀၉ ခုနှစ်၊ ဧပြီလထုတ် ဝံသရက္ခိတမဂ္ဂဇင်း၊ အတွဲ - ၃၊ အမှတ် - ၄ တွင် ရခိုင်လေသံနှင့် ပုံနှိပ်ဖော်ပြထားသည်ကို ယခု မြန်မာဘာသာဖြင့် ပြန်ဆိုတင်ပြလိုက်ရခြင်းဖြစ်သည်။ )
မာန်ယုကျော် (ရွှေဝမြေ).

0 comments to "ထိန်းသိမ်းရမည့်တာဝန်(မြန်မာပြန်)"

Leave a comment

Copyright 2009 Simplex Celebs All rights reserved Designed by SimplexDesign