A.S.M.A ဘလော့မှာ ပို့(စ်)တင်သော အသျှင်များ အထူးလိုက်နာရန်

Home � ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း ကိုယ်ရေးအကျဉ်း

ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း ကိုယ်ရေးအကျဉ်း


We have to be benefited as couples, which are poorest and afraid under the Burmese rulers".
ဦးဦးသာထွန်း ( ၁၉၁၇ - ၁၉၉၀ )
ရခိုင်ပြည်၏အထင်ရှားဆုံး စာပေပညာရှိ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက နှင့် ရခိုင့်အမျိုးသားခေါင်းဆောင်

၁၉၉၀ ခုနှစ် သြဂတ်လ ( ၁၄ ) ရက်နေ့တွင် မြန်မာစစ်အစိုးရမှ အစာထဲတွင် အဆိပ်ထည့်၍ သွေးအေးစွာဖြင့် သုတ်သင်ခြင်း ခံခဲ့ရသော ရခိုင် အမျိုးသားခေါင်းဆောင်ကြီး တစ်ဦးဖြစ်သည်။
.

အတ္ထုပ္ပတိ

ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ညောင်ပင်ဈေးရွာနေ အဖ ဦးကောင်းစံရွှီး၊ အမိဒေါ်အောင်ကြွဇံရို့မှ ၁၉၁၇-ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ (သောကြာနေ့)တွင် မွေးဖွားသန့်စင်ခဲ့သော တစ်ဦးတည်းသောသားဖြစ်သည်။

ငယ်စဉ်အခါကပင် အဖိုးဖြစ်သူရာဇ၀င်ဆရာကြီးဦးသာထွန်းအောင်က ရခိုင်ရာဇ၀င်၊ဆေးကျမ်း၊နက္ခတ်ကျမ်း၊

ပူရာဏ်ကျမ်းများကို နှုတ်တိုက်အာဂုံသင်ကြားပေးခဲ့ပါသည်။ န၀မတန်းတွင် ပညာသင်ကြားနေစဉ် ဖခင်ကွယ်လွန်ခဲ့သည့်အတွက် ကျောင်းကနှုတ်ထွက်လိုက်ရပြီး ရဟန်းအရှင်ပုဂ္ဂိုလ် များထံတွင် သက္ကဋ၊ ပါဠိ၊ သမိုင်း၊ အင်း ဗေဒင်နှင့် အခြားလောကီပညာရပ်များကို သင်ကြားလေ့လာခဲ့သည်။

၁၉၅၀-ခုနှစ်က ၁၉၅၅ ခုနှစ်ထိ မူလတန်းကျောင်းဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါသည်။ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ မြောက်ဦးမြို့ရှေးဟောင်းသုတေသနဌာနခွဲတွင် ရခိုင်-မြန်မာ ပဏ္ဍိတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ယခုလက်ရှိမြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ဆရာကြီး စုဆောင်းတည်ဆောက်ထားခဲ့သည့် ပြတိုက်ကြီးဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိမြောက်ဦးရှေးဟောင်း သုတေသနဌာနခွဲတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိတူးဖော်ခဲ့သည့် ရခိုင်ဝေသာလီမြို့ဟောင်းတူးဖောက်မှု့တွင် ကိုယ်တိုင်ကိုယ်ကျပါဝင် ဆောင်ရွက်ခဲ့သည်။

မြောက်ဦးမြို့ဘုရားသမိုင်း (၁၃၀၁-ခုနှစ်ပုံနှိပ်) ဦးရာဇ်တောင် ဘုရားကြီး သမိုင်း(ပုံနှိပ်)၊ မြောက်ဦးမြို့ဘုရားသမိုင်းကျမ်း၊ ပြင်ဆင်ဖြည့်စွက်ချက် (ပုံနှိပ်) (၁၉၅၂-၅၃၊ ရက္ခိုင် အမျိုးသမီးသူရဲကောင်းအတ္ထုပ္ပတိ (၁၉၅၃-၅၄) (ပုံနှိပ်)၊ ရက္ခိုင်ရာဇ၀င် သင်္ခေပကျမ်း (၁၉၅၄-၅၅)ပုံနှိပ်၊ ၀သဲဘုရားသမိုင်း(ပုံနှိပ်)၊ ရှင်သတ်သမိုင်း(ပုံနှိပ်) တို့ကို ထုတ်ဝေခဲ့သည်။

ရက္ခိုင်ကဗျာပေါင်းချုပ်၊ ရက္ခိုင်ရာဇ၀င်လင်္ကာ ဘာသာပြန်၊ ရက္ခိုင်ဒင်္ဂါးဘာသာပြန်၊ ရက္ခိုင်ပြည်ဓါတ်တော်ဘုရားစေတီတော်နှင့် မြောက်ဦးမြို့တန်ခိုးကြီးဘုရား၊ သမိုင်းကျမ်းစာမူများကို ရေးသားပြုစုပြီးနောက် ဘဏ္ဍာရေးဝန်ကြီး ဆာဦးထွန်းအောင်ကျော်ထံသို့ ပေးအပ်ခဲ့ပါသည်။ အံတော်သိမ်ဘုရားသမိုင်းကျမ်၊သဲထက်ဘုရားသမိုင်း၊ထီးတော်မိုးဘုရားသမိုင်း၊ဘောင်ဒွတ်နတ်တောင်ဘုရား

သမိုင်း၊ ဝေသာလီဘုရားကြီးသမိုင်း၊ သိမ်တော်ကြီးဘုရားသမိုင်း၊ မဟာထီးဘုရားသမိုင်း၊ ပါးတော်ဘုရားသမိုင်း၊ ဘုရားပေါ်ဘုရားသမိုင်း၊ သျှစ်သောင်းဘုရားသမိုင်း၊ မင်္ဂလဓါတ်ရွှေကူ ဘုရားသမိုင်းများကို လင်္ကာစကားပြေ မော်ကွန်း စသည်တို့ဖြင့် ရေးသားထုတ်ဝေခဲ့သည်။

ဓည၀တီမဂ္ဂဇင်းကို စာတည်းနှင့် အယ်ဒီတာအဖြစ်တာဝန်ယူထုတ်ဝေခဲ့ဖူးသည်။ ဓည၀တီစာစောင်၊ ဓည၀တီမဂ္ဂဇင်း၊ ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ မန္တလေး ပြည်သူု့ဂျာနယ်၊ ရန်ကုန်မဂ္ဂဇင်း၊ စုံထောက်မဂ္ဂဇင်း၊ ယဉ်ကျေးမှု စာစောင်၊ ရခိုင်မဂ္ဂဇင်း၊ စစ်တွေကောလိပ် မဂ္ဂဇင်း၊ ရခိုင်ပြည်နယ်စာစောင်၊ ၀ရာဇ်မြေမဂ္ဂဇင်း တို့မှာ ဦးဦးသာထွန်း၊ ဦးသူရိယ အစရှိသော ကလောင်အမည်များဖြင့် ဆောင်းပါးများ ရေးသားထုတ်ဝေခဲ့သည်။

မြို့စောင့်နတ်ဒေ၀တာဗလီ ပူဇော်ကျမ်း၊ အဉ္ဖနနိဒန်း ဆေးကျမ်း၊ ရခိုင်စည်ပြုလုပ်ပုံနှင့် တီးကွက်တီးလုံးကဗျာများ၊ စုပေါင်းစာတမ်း၊ ရခိုင်ထိမ်းမြားမင်္ဂလာ ပန်တျာ တီးလုံး တီးကွက်နှင့် ပြုလုပ်ပုံအတိုင်းအတာစာတမ်း၊ ရခိုင်သတ်ပုံသတ်ညွှန်ခွဲထားခြင်း အဓိပ္ပါယ် ထွက်ပုံစာတမ်း၊ ရခိုင်ပလွေ အမျိုးမျိုးကို ပြုလုပ်ပုံအတိုင်းအတာစာတမ်း၊ ဗုဒ္ဓပူဇာနိယဆီမီးကွက် အက၊ တေးချင်း၊ ကဗျာစသည်ုတို့ကို ရေးသားပြုစုခဲ့သည်။

ဆင်ယင်ထုံးဖွဲ့ကျမ်း (မူကြမ်း)၊ ရခိုင်ရာဇ၀င် (မူကြမ်း)၊ ရခိုင်အက္ခရာဆင်းသက်လာပုံကျမ်း (မူကြမ်း)၊ ရခိုင်ကျောက်စာပေါင်းချုပ်ကျမ်း (မူကြမ်း) ၊ရခိုင်ပြည်ဘုရင်သမိုင်းကျမ်း (မူကြမ်း)၊ ရခိုင်မင်းသားဒေါင်းမာတင် (မူကြမ်း)၊ ရှင်ဦးမြ၀ါ (မူကြမ်း)၊ ဗျာလ စာတမ်း (မူကြမ်း)၊ ကျော်တော်မြို့ သေလာဂီရိမောရ ပဗ္ဗတ တောင်ခြေရင်းက တွေ့ရှိရသော ကျောက်ဆစ်လက်ရာများကို သုတေသနပြုချက် (မူကြမ်း) စသည်တို့ကို ရေးသားပြုစုခဲ့သည်။

သြစတြေးလျ နိုင်ငံ အမျိုးသားတက္ကသိုလ်သုတေသီ PAMELA GURMAN ANCIENT APAKAN ကျမ်းပြုစုရာတွင်လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှ ပါမောက္ခရောဘတ်ဆာဗ်ရ် (BERNOT) အတွက်ရခိုင်ပုံပြင် လိပ်ကန်ဖာမသတ္ထုနှင့် ကျီးဖြူရွာစာတမ်းတို့ကိုလည်းကောင်း၊ အင်္ဂလန်နိုင်ငံပါမောက္ခ ဦးလှသိန်း (ခေါ်) ဂျွန်အိုကဲလ်ဖို့လည်း စေတီအဆောက်အုံနှင့် နန်းအဆောင်အအုံဆိုင်ရာစာတမ်း ကိုလည်းကောင်း၊ အမေရိကန်နိုင်ငံအာရှဖောင်ဒေးရှင်း အတွင်းရေးမှူး ဒေးဗစ်စတိမ်းဗားဖို့စ်လည်း ဝေသာလီ ကျောက်ရုပ်တု ဆင်းတုများနှစ်ပေါင်းကြာညောင်းမှု့ တိုင်းတာမှု့စာတမ်း ကိုလည်းကောင်း၊ ဂျပန်နိုင်ငံ ပါမောက္ခအိုနိုတို ရှုနန့် ရခိုင်စကားပြောလေယူ လေသိမ်း အသံထွက်ပုံစာတမ်းနှင့် ဘောင်းဒွတ် အရပ်မှာရှိသော ဒတ်ခ်ျကောင်စလာ အဆောက်အအုံ ပုံစံနှင့် ကူးသန်းရောင်းဝယ်ခဲ့ကြပုံစာတမ်း ကိုလည်းကောင်း ရေးသားပြုစုခဲ့သည်။

နိုင်ငံတော်အစိုးရယဉ်ကျေးမှု့ဌာနနှင့် အခြားပုဂ္ဂုလ်တို့ကိုလည်း ဦးမင်းနိုင်၏ ပြည်ထောင်စု အကပဒေသာစာအုပ် (၁၉၅၅-ခုနှစ်) ရခိုင်တေးသံစာအုပ် (၁၉၆၅) ရခိုင်တိုင်းရင်းသားလူမျိုးများ၏ ဖြစ်စဉ်နှင့် ဓလေ့ထုံးစံများ စာအုပ်၊ တိုင်းရင်သားယဉ်ကျေးမှု့ ရိုးရာဓလေ့ထုံစံများ၊ ရခိုင်ပြည်နယ်ဘဏ္ဍာတိုက်ကြီးများကျမ်း၊ ရခိုင်ရိုးရာစည်နှင့် တူရိယာ တီးကွက်များစာတမ်း၊ မြန်မာဝေဟာရ အဘိဓါန်ကျမ်းပြုစုရာတွင် ဝေါဟာရစာလုံးများနှင့် ပြုစုပေးပို့ခြင်း၊ ရခိုင်ဝေါဟာရ အဘိဓါန်ပြုရာတွင်လည်း ဝေါဟာရ စာလုံးများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကျမ်းကိုးကားချက်များ စာအုပ်ပြုစုခြင်း၊ ၁၉၇၆-၇၇ ခုရခိုင်ပြည်နယ်နှင့်၊ ရခိုင်ပြည်နယ်တံဆိပ်၊ ရခိုင်ရိုးရာ ကျား/ မ ၀တ်စုံစာတမ်း၊ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ မြောက်ဦးမြို့ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန်စသည်တို့ကို ပါဝင်ကူညီရေးသားပြုစုခဲ့သည်။

အထက်တန်းပညာဦးစီးဌာနညွှန်ချုပ်(ငြိမ်း) ပါမောက္ခဦးစံသာအောင်အတွက်လည်း ၁၉၇၂-ခုနှစ်၊ အဘိဓမ္မာ ကောက်နှုတ်ချက်ပုရပိုက်ကို မိုက်ခရိုဖလင်ရိုက်နှိပ်ရန်အတွက်လည်းကောင်း၊ ဂ၀ိကဏ္ဍပါသဏကျမ်း ပေမူကို မိုက်ခရိုဖလင်ရိုက်နှိပ်ရန်အတွက်လည်းကောင်း၊ လျှို့ဝှက်ကျောက်စာဂဏန်းရေးနည်း ပေမူကို မိုက်ခရိုဖလင်ရိုက်ရန်အတွက်လည်းကောင်း၊ အေဒီ ၆ ရာစုနှင့် ယင်းမတိုင်ခင်မှ ရခိုင်ပြည်နယ်သုံး အက္ခရာစာအုပ် ပြုစုရာတွင်လည်းကောင်း၊ အနန္ဒစန္ဒြား ရှစ်ရာစု ရခိုင်ဝေသာလီစာအုပ်ပြုစုရာတွင်လည်းကောင်း၊ ရခိုင်ဒင်္ဂါးများသမိုင်းပြုစုရာတွင်လည်းကောင်း၊ ဗုဒ္ဓအနုပညာ Art of Ancient Arakan စာအုပ်ပြုစုရာတွင်လည်းကောင်း ပါဝင်ကူညီ လုပ်ကိုင်ခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ရေဒီယိုမှ ရခိုင်အသံကို အစအဆုံးထုတ်လွှင့်ခဲ့ဖူးသည်။ တိမ်မြုပ်ပျောက်ကွယ်သွားပြီဖြစ်သော ရခိုင်ယဉ်ကျေးမှု၊ အမွေအနှစ် ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို ကမ္ဘာသိအောင်ရှာဖွေစုဆောင်းလေ့လာ ဖော်ထုတ်ခဲ့ပြီး ထိမ်းသိမ်းစောင့်ရှောက်ခဲ့ပါသည်။

ရခိုင်သူ-သား များကိုလည်း ရခိုင်ယဉ်ကျေးမှု့ အမွေအနှစ် ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကို ရှာဖွေစုဆောင်းလေ့လာဖော်ထုတ် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန် အမြဲ ဆော်သြခဲ့သည်။

ဆရာကြီးသည် ရခိုင်ယဉ်ကျေးမှုအမွေအနှစ် ရခိုင်သမိုင်း၊ ရခိုင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာ များကို အသစ်ပြန်လည် မွေးထုတ်ပေးခဲ့သော မမေ့နိုင်ရာ အမျိုးသားဖခင်ကြီးတစ်ဦးပင် ဖြစ်ပါသည်။

ဆရာကြီးသည် ၁၄ - ၈ - ၁၉၉၀ ခုနှစ်တွင် စစ်တွေမြို့တွင် ကွယ်လွန်သွားခဲ့ပါသည်။ ဆရာကြီးတွင် ဇနီး ဒေါ်မစိန်သာ၊ သား ဖြစ်သူ ကိုကျော်ထွန်းအောင် အပြင် သမီးလေးယောက် ကျန်ရစ်ခဲ့သည်။

ကိုးကားချက်များ

ရခိုင်ရိုးမမဂ္ဂဇင်း
........
ခိုင်နိုင်လင်း
.

0 comments to "ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်း ကိုယ်ရေးအကျဉ်း"

Leave a comment

Copyright 2009 Simplex Celebs All rights reserved Designed by SimplexDesign