A.S.M.A ဘလော့မှာ ပို့(စ်)တင်သော အသျှင်များ အထူးလိုက်နာရန်

Home � ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း

ထက်နိုင်ဇော်၊ စောရန်နောင်
(၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့ထုတ် Venus News ဂျာနယ်မှာ ဖော်ပြထားတဲ့ ရခိုင် နိုင်ငံရေးသမား တစ်ဦးရဲ့ အမြင်များ ဖြစ်ပါတယ်။ )
အခု လက်ရှိ အန်ကယ်တို့ရဲ့ ရခိုင်ပြည်နယ် စည်းရုံးရေး အခြေအနေကို သိလိုပါတယ်….
လက်ရှိ အခြေအနေ ကတော့ ကျွန်တော်တို့က ရခိုင်မှာ မြို့နယ် အကုန်လုံး နီးပါး မြို့နယ် ကော်မတီတွေ တည်ဆောက်ဖို့ ကြိုးစားနေတယ်။ စည်းရုံးရေး အခြေအနေက လူထုက နိုင်ငံရေးကို စိတ်မဝင်စားဘူး။ နောက် နိုင်ငံရေး ပါတီတွေကို ကြောက်စရာလို့ ထင်နေတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့က ကိုယ့်ရဲ့ နိုင်ငံရေး လမ်းစဉ်ကို တဖြည်းဖြည်းနဲ့ တည်ဆောက် နေရတယ်။ အခက်အခဲတော့ ရှိတယ်။ ကျွန်တော်တို့ ရခိုင်ပြည်သူ လူထုရဲ့ အခြေအနေက သိပ်အဆိုးကြီးတော့ မဟုတ်ဘူး။ နိုင်ငံရေး အသိ တစ်စုံ တစ်ရာတော့ နိုးနိုး ကြားကြား ဖြစ်လာပြီပေါ့။
.အခု ရွေးကောက်ပွဲ ကော်မရှင်ကို တင်ရမယ့် လူအင်အား ကရော ရပြီလား….
ရပြီ။ တင်ဖို့လုပ်နေပြီ။ ဒီလ ၁၆ ရက်နေ့လောက်မှာ တင်မယ်။
ရခိုင်ပြည်နယ်မှာ ဘယ်ဒေသတွေကို အမာခံ စည်းရုံးသွားဖို့ ရှိသလဲ….

အဓိကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းပေါ့။ ဘူးသီးတောင်၊ မောင်တော ဒေသက လွဲရင် မြောက်ပိုင်း တစ်ခုလုံး နီးပါးကို အမာခံ ထားတယ်။ တောင်ပိုင်းမှာလည်း ကျောက်ဖြူ၊ ရမ်းဗြဲတို့ ဆိုတာလည်း အမာခံ ဧရိယာလို ကျွန်တော်တို့ စည်းရုံး ထားနိုင်တယ်။

၂၀၁၀ ရွေးကောက်ပွဲကို ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ ပါတီဖွဲ့ပြီး ဝင်ရတဲ့ ရည်ရွယ်ချက်ကိုလည်း သိလိုပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ဝင်တယ် ဆိုတာက မဝင်ခင် ကတည်းကကို ကျွန်တော်တို့ လူမျိုးတွေရဲ့ ခံစားနေရတဲ့ ဝေဒနာတွေ ပေါ့လေ။ ဖြစ်ချင်တဲ့ အိမ်မက်တွေ အကောင်အထည် ဖော်ဖို့အတွက် နိုင်ငံရေးပါတီ မရှိတော့ ဘယ်လိုလုပ်မလဲ။ လူမျိုး တစ်မျိုးရဲ့ National Identity အနေနဲ့ နိုင်ငံရေးပါတီ တစ်ခု လိုကို လိုတယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ပေးရင် ကျွန်တော်တို့က ငြင်းစရာ မရှိဘူး။ ရခိုင်လူမျိုး အနေနဲ့ ရခိုင် နိုင်ငံရေး ပါတီ ရှိတယ် ဆိုတာကို တချို့ လူတွေက နားမလည်ဘူး။ တော်တော် ရှင်းရခက်တယ်။ နိုင်ငံရေးပါတီ ထောင်ဖို့ မလိုဘူးဆိုတဲ့ Idea တွေရှိတယ်။ အဲဒါတွေက ကျွန်တော်တို့ လူမျိုးတွေ ခံစားနေရတဲ့ ပြဿနာတွေကို နားမလည်တာဘဲ။ ကျွန်တော်တို့ နိုင်ငံရေးပါတီ တစ်ခု ပေါ်ထွက် လာတယ် ဆိုတာကို မြန်မာပြည် နိုင်ငံရေး အင်အားစုတွေ၊ ဂျာနယ်လစ်တွေက နားလည်ဖို့ လိုတယ်။ သမိုင်းအရ ပေါ်သင့် ပေါ်ထိုက်လို့ ပေါ်ထွက်လာတာပဲ။

အန်ကယ်ဆိုလိုတာက ရခိုင် တိုင်းရင်းသားတွေရဲ့ အရေးကို ကိုယ်တိုင် ကိုယ်ကျ ဆောင်ရွက်နိုင်ဖို့ပေါ့….

ဒါပေါ့။ ရခိုင် တိုင်းရင်းသားတွေရဲ့ အရေးကို ကိုယ်တိုင် ကိုယ်ကျ ဆောင်ရွက်နိုင်ဖို့ ရခိုင် တိုင်းရင်းသား ပါတီတစ်ခုကို လိုကို လိုတယ်။ ကျွန်တော်တို့ ပါတီက General ထဲမှာ အပါအဝင် ဖြစ်တဲ့ ကျွန်တော်တို့ ရခိုင်တွေရဲ့ သီးခြား Identity နဲ့ ပြဿနာ တွေကို ဖြေရှင်းဖို့ ထောင်တဲ့ပါတီ။ အဲတော့ ယေဘုယျအားဖြင့် ကိုယ့် အမျိုးသားပါတီ စစ်စစ် တစ်ရပ်ဖြစ်ဖို့ ထူထောင်တဲ့ ပါတီပေါ့။ အဲဒီ ပါတီပြီးတဲ့ အခါကျမှ Election ဆိုတာ နောက်တစ်ပိုင်း။ ပါတီရှိမှ Democratic Platform ကို ဆက်ပြီးတော့ နိုင်အောင် ကစား။ ပြီးတော့မှ ကျွန်တော်တို့ လူမျိုးတွေဟာ ဘာတွေ လိုတယ်။ ဘာဥပဒေကို ဖျက်သင့်သလဲ။ ဘာဥပဒေ တွေကို အသစ်ပြဋ္ဌာန်း သင့်သလဲ ဆိုတာကို ကျွန်တော်တို့ ရခိုင် အတွက်ရော၊ အခြား တိုင်းရင်းသားတွေ အတွက်ရော၊ မြန်မာ ပြည်ထောင်စုကြီး အတွက်ရော ကျွန်တော်တို့ အဲလို လုပ်ချင်တာ။

ရခိုင်ပြည်နယ်က မြေပေါ် မြေအောက် သယံဇာတတွေ ပေါကြွယ်ဝတယ်။ အဲဒီ သယံဇာတတွေကို ထုတ်ယူ သုံးစွဲရေးနဲ့ ပတ်သက် ပြီးတော့ကော အန်ကယ်တို့ ဘယ်လို သဘောထားရှိလဲ….

ကျွန်တော်တို့ ဥပဒေကြောင်း အရ သွားမယ်လေ။ ဥပမာဗျာ ဖွဲ့စည်းပုံမှာ ဗဟိုကနေပြီး ကိုင်ထားတဲ့ ပါဝါတွေ ရှိတယ်။ ပြည်နယ်တွေကို ပေးထားတဲ့ ပါဝါတွေ ရှိတယ်။ ပြည်နယ်ကို ပေးထားတဲ့ ပါဝါတွေဟာ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးဖို့ အတွက် မလုံလောက်ဘူး ဆိုရင် သယံဇာတနဲ့ ပတ်သက်ပြီးတော့ ဥပဒေကြမ်းတွေ ပြုစုမယ်။ တရားဝင် တောင်းမယ်။ ပြင်းပြင်းထန်ထန် တောင်းရင်လည်း တောင်းမယ်။ လျှော့လျှော့ပေါ့ပေါ့ တောင်းရင်လည်း တောင်းမယ်။ ဒါပေမယ့် ဥပဒေ ဘောင်ထဲက ပါလီမန်ထဲမှာပဲ တောင်းဆိုသွားမယ်။ တောင်းစရာတွေ ကတော့ အများကြီးပဲ။ အခု ကျွန်တော်တို့ဆီမှာ ခင်ဗျား ပြောသလို Natural Resources တွေ အများကြီးပဲ ရှိတယ်။ သဘာဝ ဓာတ်ငွေ့တွေ ထွက်တယ်။ ဒါပေမယ့် အဲဒီမှာ မီးမလင်းဘူး။ အဲဒီ ကိစ္စမျိုးကို Legal Platform ကနေ ၂၄ နာရီ မီးရရှိရေး ဆိုတာ တောင်းကို တောင်းရမယ်။ တို့ နိုင်ငံရေး ပါတီတွေရဲ့ တာဝန်က ဒါပဲ။ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေး။ ဒါကို Legal Platform ကနေ တောင်းဆို သွားရမယ်။ ကျွန်တော်တို့ ပါတီရဲ့ အစီအစဉ်ထဲမှာ ကိုက နံပါတ်တစ် အချက်ကို ရခိုင်အမျိုးသား တွေရဲ့ ဖွံ့ဖြိုးမှုအတွက် ဥပဒေထဲကနေ တောင်းဆိုသွားမယ်။ နှစ်က တိုင်းရင်းသား တန်းတူညီရေးပေါ့။ တိုင်းရင်းသား တန်းတူညီရေး ရှိမှ ကျွန်တော်တို့ ချစ်ခင်တဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်လို့ ရမယ်။ တစ်ယောက်နဲ့ တစ်ယောက် ကွာဟနေလို့ ရှိရင် တစ်ယောက်က သာတယ်။ တစ်ယောက်က နာတယ်ဆိုရင် အဆင်မပြေနိုင်ဘူး။ တိုင်းရင်းသားတွေ တန်းတူညီပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းရေးကို ဒုတိယထားတယ်။ ဒီမိုကရေစီ ဆိုတဲ့ Democratization ကတော့ အချိန်ကြာကြာ သွားရမယ်။ ဖြည်းဖြည်း သွားရမယ်။ ကျွန်တော်တို့မှာ Institution တွေ အများကြီး လိုသေးတယ်။

အခုလက်ရှိ အနေအထားထက် စာရင် ၂၀၁၀ (သို့) ၂၀၁၀ အလွန်မှာ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ထင်လား….

အခု အခြေအနေမှာ မြန်မာပြည်ကြီးက မပြောင်းလဲဘူး ဆိုရင်တော့ သိပ်မကောင်းတော့ဘူး။ Changes ပေါ့လေ။ Reform ပေါ့။ မြန်မာပြည်မှာ တကယ့် တိုင်းရင်းသား လူမျိုးပေါင်းစုံပါတဲ့ Reform တစ်ခုက လိုကို လိုအပ်နေပြီလို့ ကျွန်တော်တို့ ပါတီက ယုံကြည်တယ်။ တကယ် National Reform အတွက် ဒီ ၂၀၁၀ Election ဟာ Free and Fair ဖြစ်ပါစေလို့လည်း မျှော်လင့်တယ်။ အဲလို မျှော်လင့်လို့လည်း ကျွန်တော်တို့ ဝင်တာပဲ။

ကျွန်တော်တို့ နိုင်ငံက ပြည်ထောင်စု စနစ်နဲ့ သွားမှာဆိုတော့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး အတွက် အန်ကယ်တို့ ဘယ်လို သဘောထား ရှိပါသလဲ ခင်ဗျာ….

တိုင်းရင်းသား ဒေသတွေဟာ မြန်မာပြည်ရဲ့ နယ်နိမိတ် နယ်စပ် ဒေသတွေမှာ များပြီးတော့ ဖွံ့ဖြိုး တိုးတက်မှု အင်မတန် နိမ့်ကျတယ်။ အဲဒီ ဒေသတွေကို ဖွံ့ဖြိုး တိုးတက်အောင် အများကြီး လုပ်ပေးရမယ်။ တိုင်းရင်းသား ဒေသတွေမှာ ငြိမ်းချမ်းဖို့၊ ဖွံ့ဖြိုးဖို့ အဓိက လုပ်ပေးရမယ်။ အဲဒီ ကိစ္စက ကျွန်တော်တို့ ပါတီရဲ့ အခြေခံ မူတွေထဲမှာ ပါတယ်။ ရခိုင်ကလည်း ရခိုင်ဒေသ ဖွံ့ဖြိုးဖို့ ပြောမယ်။ ရှမ်းကလည်း ဖွံ့ဖြိုး တိုးတက်ဖို့ ပြောပေါ့။ ဖွံ့ဖြိုးရေးနဲ့ တန်းတူရေး နှစ်ခုကို ကျွန်တော်တို့ ခိုင်ခိုင်မာမာ တည်ဆောက် နိုင်တယ် ဆိုရင် ပြည်ထောင်စုကြီး ငြိမ်းချမ်းလာမှာ အမှန်ပဲ။

အခု အန်ကယ်တို့ စည်းရုံးရေး ဆင်းတဲ့အခါ ရခိုင် တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး အပေါ်မှာ စိတ်ဝင်စားမှု အခြေအနေ ကရော….

နိုင်ငံရေး အပေါ် စိတ်ပါဝင်စားမှုက ကျေးလက်မှာတော့ နည်းတယ်။ နည်းတယ် ဆိုတာက ကျွန်တော်တို့ ဒေသက ဖွံ့ဖြိုးမှု နည်းတယ်။ နောက်တစ်ခုက စာပေ အသိပညာပေါ့။ ဥပမာ ဂျာနယ်တွေပေါ့။ သူတို့ မမြင်ဖူးကြဘူး။ အင်မတန် နာမည်ကြီးတဲ့ ဂျာနယ်တွေ လောက်ပဲ စစ်တွေမှာ ရှိတယ်။ အဲလို ဂျာနယ်တွေတောင်မှ မြေပုံ၊ ပေါက်တောတို့လို မြို့သေးသေး လေးတွေမှာ မရှိတော့ဘူး။ လူတွေက ကိုယ့်စီးပွားရေးပဲ လုပ်နေရတယ်။ အခု ပြောနေတာ အောက်ခြေ လူထုနော်။ လူလတ်တန်းစားတွေက ဘယ်လို ဖြစ်နေသလဲ ဆိုတော့ နိုင်ငံရေး အပေါ်မှာ ယုံကြည်မှု အားနည်းတယ်။ မြန်မာပြည်ရဲ့ ရှုပ်ထွေးတဲ့ နိုင်ငံရေးကို သူတို့ စိတ်မဝင်စားဘူး။ ကြောက်တယ်။ ခပ်ကင်းကင်း နေချင်တယ်။ အောက်ခြေ လူထုက စာပေ ဗဟုသုတ နည်းပြီး အသိဉာဏ်နည်းတဲ့ အတွက် နိုင်ငံရေးကို ဝင်မပါချင်ဘူး။

ဒါဆို အခုသူတို့မှာ မဲပေးဖို့ လုံလောက်တဲ့ နိုင်ငံရေး အသိတွေ ရှိပါ့မလား….

ကျွန်တော့် အမြင် ပြောရရင် မရှိကြသေးဘူး။ ကျွန်တော်တို့မှာတော့ အစဉ်အလာလေး တစ်ခုရှိတယ်။ ရခိုင်လူထုမှာ ကိုယ့်ရဲ့ National Feeling ကတော့ ရှိတယ်။ ရခိုင် ဒီမိုကရေစီပါတီ အနေနဲ့လည်း အရင်က အားကောင်းခဲ့တော့ အဲဒီ အစဉ်အလာလေးနဲ့ လုပ်ရကိုင်ရတာ လွယ်တယ်။

အန်ကယ်တို့ ပါတီအနေနဲ့ လွှတ်တော်ထဲ ရောက်သွားရင် ရခိုင်ပြည်နယ်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် ဘယ်လို ကဏ္ဍမျိုးကို ဦးစားပေး လုပ်ဆောင် ပေးသွားဖို့ ရှိလဲ။ ဒါကိုတော့ လုပ်ကို လုပ်ရတော့မယ် ဆိုတာမျိုးပေါ့….

အဲဒီကိစ္စကတော့ အသေးစိတ် ဆွေးနွေးရမယ်။ ရခိုင်ပြည်နယ်မှာက ပညာရေးနဲ့ ကျန်းမာရေးပဲ။ အဲဒီ ကဏ္ဍက အင်မတန် ဆိုးဝါးတယ်။ နောက်တစ်ချက် လျှပ်စစ်မီး ရရှိရေး။ အဲဒီ ပြဿနာတွေက ၁၉၄၆ ပြည်တွင်းစစ် စကတည်းက လွတ်လပ်ရေး ရပြီး အခုချိန် အထိ တောက်လျှောက် ဘာမှ ထူးမလာခဲ့ဘူး။ အဲဒီ ပြဿနာတွေက တကယ် ကိုင်တွယ်ဖို့ လိုတယ်။

အန်ကယ် ရခိုင်ပြည်နယ်မှာ ပညာတတ် လူတန်းစား ကရော နိုင်ငံရေးကို စိတ်ပါဝင်စားမှု ရှိလား….

လူလတ်တန်းစား ကတော့ ရှိပါတယ်။ စီးပွားရေးဘက်ကို ပိုအားသန်ကြတယ်။

ပါတီရဲ့ ရန်ပုံငွေ အခြေအနေကရော…

ပါတီရဲ့ ရန်ပုံငွေ အခြေအနေက လှုပ်ရှား ရုန်းကန် နေရတာပေါ့ဗျာ။ ပါတီဝင်တွေရဲ့ ရန်ပုံငွေ။ ပါတီအကျိုးကို လိုလားတဲ့ ရခိုင် တိုင်းရင်းသားတွေရဲ့ ကူညီ ထောက်ပံ့မှုနဲ့ ဆက်သွားမှာပါ။

လွှတ်တော်သုံးရပ်စလုံး ဝင်ပြိုင်ဖို့ အစီအစဉ် ရှိပါသလား။ ကိုယ်စားလှယ်လောင်း ဘယ်နှဦးလောက် ဝင်ရောက် အရွေးခံဖို့ ရှိပါသလဲ…

ကျွန်တော်တို့ ရခိုင်မှာ ဝင်မှာက ၁၇ မြို့နယ် ရှိတယ်။ ၁၇ မြို့နယ်ဆိုတော့ Local မှာ ၃၄ ဦး၊ အဲဒီနေရာမှာ ခြွင်းချက်နဲ့ဆိုရင် ၃၀ လောက်တော့ အနည်းဆုံး ဝင်နိုင်တယ်။ အမျိုးသား လွှတ်တော်မှာ ၁၂ နေရာပေါ့လေ။ ပြည်သူ့ လွှတ်တော်မှာ ၁၇ နေရာရှိတယ်။ ၂၉ နေရာပေါ့။ အဲဒီ ၂၉ နေရာမှာ ၂၀ လောက် ဝင်ဖို့ မှန်းထားတယ်။ အားလုံးပေါင်း အနည်းဆုံး ၅၀ လောက် ဝင်သွားဖို့ ရှိတယ်။

အန်ကယ်တို့ ပါတီမှာ နိုင်ငံရေး မျိုးဆက်သစ် လူငယ်တွေရော ရှိရဲ့လား…

လူငယ်တွေ ရှိပါတယ်။ လူငယ်လည်း ပါတယ်။ ပါတီဝင်ထဲမှာတော့ မြို့နယ် အင်အားစုထဲမှာ လေးပုံ တစ်ပုံလောက် ပါအောင်တော့ ဖွဲ့စည်းထားတယ်။

အန်ကယ်တို့ ပါတီအနေနဲ့ တိုင်းရင်းသား ပါတီအချင်းချင်း မဟာမိတ်ဖွဲ့ ဆောင်ရွက်သွားဖို့ ရှိလား။ အနာဂတ်မှာရောပေါ့…

အခု လောလောဆယ်တော့ ကိုယ့်ပါတီ တည်ဆောက်ရေးကိုပဲ ဇောက်ချပြီး လုပ်နေတယ်။ ရွေးကောက်ပွဲ ပြီးသွားလို့ရှိရင် ပြည်ထောင်စု လွှတ်တော်မှာ ဆုံလာမယ်။ ရခိုင်၊ ချင်း၊ မွန် အစ ရှိသဖြင့်ပေါ့။ အဲဒီမှာ ဘဝတူ ညီအစ်ကိုတွေနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုကြီးကို ဘယ်လို ထူထောင်ကြမလဲ။ တခြား နိုင်ငံရေး ပါတီတွေနဲ့လည်း ညှိပြီးတော့ပေါ့လေ။ တန်းတူရေး ပေါ်မှာ အခြေခံတဲ့ အကောင်းဆုံး ဖြစ်အောင်တော့ လုပ်သွားမယ်။

ပါတီစာစောင် ထုတ်ဖို့ရော အစီအစဉ် ရှိလား။

အစီအစဉ် ရှိပါတယ်။ ကျွန်တော်တို့ ထုတ်ဝေခွင့် နသ ကျထားပြီ။ နသ-၀၁၃ ပေါ့။ ပါတီစာစောင် ထုတ်မယ်။ ရောင်းဖို့ထက် စာစောင်ကို ရန်ပုံငွေ အနေနဲ့ အလှူခံမှာပေါ့။ ။

အမည်ရင်း - ဦးဦးလှစော(၅၈နှစ်)

(မောင်ခိုင်အောင်-စစ်တွေ)

ရာထူး - အထွေထွေအတွင်းရေးမှူး

မိဘအမည် - ဦးအောင်လှဇံ+ဒေါ်စံသာဖြူ

မွေးဖွားရာဇာတိ - စစ်တွေ

ပညာအရည်အချင်း - စက်မှုတက္ကသိုလ် (ပဉ္စမနှစ်အထိ သင်ကြားခဲ့)

အလုပ်အကိုင် - ကျူရှင်ဆရာ

ဝင်ရောက်ယှဉ်ပြိုင်မည့် - မရှိ

မဲဆန္ဒနယ်

နိုင်ငံရေးဖြတ်သန်းမှု - ကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်ခဲ့။ ၈၈ အရေးအခင်းတွင် ပါဝင်ခဲ့သောကြောင့်
အထိန်းသိမ်းခံရပြီး ၁၉၉၂ ခုနှစ်တွင် ထောင်မှ ပြန်လည် လွတ်မြောက်ခဲ့။
.....................
http://padaukmyay.blogspot.com/
.

0 comments to "ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောနှင့် တွေ့ဆုံခြင်း"

Leave a comment

Copyright 2009 Simplex Celebs All rights reserved Designed by SimplexDesign