A.S.M.A ဘလော့မှာ ပို့(စ်)တင်သော အသျှင်များ အထူးလိုက်နာရန်

Home � စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ

စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ

အဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ မေမြို့ (ယခု ပြင်ဦးလွင်) က စစ်တက္ကသိုလ် ကျောင်းဆင်းပွဲကို တက်ရောက်ခဲ့ပါတယ်။ စစ်တက္ကသိုလ်ကျောင်းဆင်းပွဲဟာ စစ်ဦးစီးချုပ် အဆက်ဆက် တက်ရောက် မိန့်ခွန်းပြောတဲ့ အခမ်းအနားဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာလဲ နှစ်စဉ်မပျက်မကွက် တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။ တပ်မတော်နေ့ အခမ်းအနားတွေမှာ တပ်ဖွဲ့တွေကို ကားနဲ့စစ်ဆေးလေ့ရှိတဲ့ ဗိုလ်ချုပ်မှူးကြီးဟာ ဗိုလ်လောင်းတပ်ဖွဲ့တွေကို ခြေလျင်စစ်ဆေးခဲ့တာ တွေ့ရပါတယ်။ .နစစ်တက္ကသိုလ်ကျောင်းဆင်းပွဲနဲ့ တပ်မတော်နေ့ အခမ်းအနားတွေမှာ တပ်မတော်ရဲ့မူတွေ၊ ရှေ့ဆက်လုပ်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြောလေ့ရှိတာမို့ ဒီနှစ်ကျောင်းဆင်းပွဲမှာ နအဖခေါင်းဆောင်က ဘာတွေပြောသွားလဲဆိုတာ လေ့လာ ရအောင်

လမ်းပြမြေပုံ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်မတော်ဟာ အေးချမ်းသာယာတဲ့ နိုင်ငံဖြစ်ဖို့အတွက် အခြေခံကောင်းတွေကို စိတ်ရင်းစေတနာ အမှန်နဲ့ တည်ဆောက်ပေးနေတာဖြစ်ကြောင်း၊ ဒါ့ကြောင့်မို့ အခု အချိန်မှာ အဆင့်လေး ဆန္ဒခံယူပွဲနဲ့ အခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ကြောင်း ပြောသွားပြီး ၂၀၁၀ မှာ ပါတီ စုံရွေးကောက်ပွဲတွေကို ကျင်းပပြီးရင်တော့ နိုင်ငံတော်အာဏာ လွှဲပြောင်းရေးကို ဆက်လက်ဆောင်ရွက်နိုင်တော့မှာ ဖြစ်တယ်လို့ အတည်ပြုပြောကြားသွားပါတယ်။ ဒါဟာ ကျွန်တော် မှတ်သားမိသလောက် အာဏာလွှဲပြောင်းရေးဆိုတဲ့စကားကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိန့်ခွန်းတွေမှာ ပထမဆုံး ထည့်ပြောတာပဲ ဖြစ်ပါတယ်။

ပြည်ပစွက်ဖက်မှု

နအဖခေါင်းဆောင်များဟာ အခွင့်သင့်တဲ့အခါတိုင်း မြန်မာနိုင်ငံပြည်တွင်းရေးကို နိုင်ငံကြီးများက ၀င်ရောက် စွက်ဖက်မှုနဲ့ ပတ်သက်ပြီး သတိပေးပြောကြားလေ့ ရှိပါတယ်။ အခုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်လောင်းတွေကို ထပ်ပြောသွားပါတယ်။ ဒီလိုပြောရာမှာ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို အခြားတိုင်းပြည်တစ်ခုက ၀င်ရောက်စွက်ဖက် ခြယ်လှယ်နိုင်နေခြင်းဟာ အချုပ်အခြာအာဏာ ဆုံးရှုံးခြင်း၊ တနည်းအားဖြင့် လွတ်လပ်ရေး ဆုံးရှုံးခြင်းပဲဖြစ်တယ်လို့ အဓိပ္ပါယ် ဖွင့်သွားပါတယ်။ ဆက်ပြီး ဒီနေ့ကမ္ဘာမှာ ဒီလိုစွက်ဖက်မှုတွေကြောင့် အချုပ်အခြာအာဏာဆုံးရှုံးပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရှိတဲ့ နိုင်ငံတွေအများကြီးရှိနေပြီလို့ ပြောသွား တယ်။ နောက်ဆုံးမှာတော့ ဗိုလ်လောင်းတွေ အနေနဲ့ အနာဂတ်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြမယ့် ရဲဘော်များအနေနဲ့ အမျိုးသားရေး စိတ်ဓာတ်နဲ့ နိုင်ငံရေး အသိရှိကြဖို့ လိုတယ်လို့ သတိပေးသွားပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေး

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဟာ အင်မတန် အရေးကြီး တယ်ဆိုပြီး ဗိုလ်လောင်းတွေကို ပြောသွားပါတယ်။ နအဖ လက်ထက်မှာ ဘယ်တုံးကနဲ့မှ မတူအောင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့တယ်။ ဒါ့ကြောင့်လဲ နယ်မြေအေးချမ်းပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ထောက်ပြသွားပါတယ်။ ပြီးတော့ ဗိုလ်လောင်းတွေအနေနဲ့ တိုင်းရင်သား စည်းလုံးညီညွတ်ရေးကို စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ဆက်ပြီး ဆောင်ရွက်ကြပါ။ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်ကြပါလို့ တိုက်တွန်းသွားပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဘယ်အခန်းကဏ္ဍက ပါမယ်ဆိုတာ ကိုတော့ ရည်ညွှန်းပြောကြားသွားခြင်း မရှိပါဘူး။

စစ်ရေး

တပ်မတော်ရဲ့ လေ့ကျင့်ရေးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒီနေ့လေ့ကျင့်ရေးရဲ့ ရည်ရွယ်ချက်ဟာ ခေတ်သစ်စစ်ပွဲကို ရင်ဆိုင်နိုင်ဖို့ဖြစ်ကြောင်း၊ ကြည်းရေလေတပ်ဖွဲ့တွေဟာ သီးခြား စစ်ဆင်ခြင်းထက် ပူးပေါင်းပြီး စစ်ဆင်နိုင်အောင် လုပ်ရတော့မယ်လို့ ပြောသွားပါတယ်။

စစ်တပ်အရာရှိများရဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ကတော့ စစ်တပ်ဆိုတာဟာ အမိန့်အာဏာနဲ့ အုပ်ချုပ်ရတာ မှန်ပေမယ့် ဒီအမိန့်တွေကို အသိတရားရှိရှိ ခံယူချက်ပြည့်ပြည့်၀၀နဲ့ လိုက်နာမယ်ဆိုရင်တော့ တာဝန်ထမ်းဆောင်တဲ့အခါ ပိုပြီး အဆင်ပြေချောမွေ့ လိမ့်မယ်လို့ပြောရင်း မိမိတပ်ဖွဲ့ဝင်တွေကို အသိနဲ့ယှဉ်ပြီး အမိန့်နာခံတတ်အောင် စည်းရုံး ဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။ အမိန့်ကို ဆင်ခြင်တုံးတရားနဲ့ လိုက်နာရမယ်ဆိုတဲ့သဘော ပြောသွားတာကို သတိပြုစရာပါဘဲ။

နာဂစ်ကယ်ဆယ်ရေး

ပြည်ခိုင်ဖြိုးအစည်းအဝေးမှာတုံးက ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များရဲ့ နာဂစ်ကယ်ဆယ်ရေးကို ပြောသွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အခုမိန့်ခွန်းမှာလဲ တပ်မတော်က ပါဝင်လုပ်ဆောင်ခဲ့တဲ့ နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြောင်းပြောသွားပါတယ်။ သူ့မိန့်ခွန်းပါ အချက်များအရ ကြည်း တပ်က အင်အားလေးသောင်းကျော်နဲ့ ကား ၇၆၉ စီးကို သုံးပြီး ကယ်ဆယ်ရေးပစ္စည်း တန် ၅၄၁၈၈ တန်၊ ရေတပ်က အင်အား တစ်ထောင့်လေးရာကျော်၊ သဘောင်္ ၂၉ စီးကို သုံးပြီး ကယ်ဆယ်ရေးပစ္စည်း တန် ၃၄၀၇၊ လေတပ်က အင်အား တစ်ထောင့်ခုနှစ်ရာကျော်၊ ရဟတ်ယာဉ်၊ လေယာဉ် ၂၅ စီး ကိုသုံးပြီး ကယ်ဆယ်ရေးပစ္စည်း ၅၅၈ တန်သယ်ပေးနိုင်ခဲ့တယ်။ တပ်မတော်သားမိသားစုတွေက ငွေ ကျပ် သန်းတစ်ထောင်ကျော် လှုဒါန်းခဲ့တယ်လို့ ပြောသွားပါတယ်။ ဗိုလ်လောင်းတွေကိုလည်း ဒီလို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေရဲ့ အစဉ်အလာတွေကို ဆက်ထိန်းပြီး ရောက်ရာနေရာမှာ ဒေသဖွံ့ဖြိုးရေးတွေလုပ်ဖို့ နှိုးဆော်သွားပါတယ်။

နိုင်ငံရေး

နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်မတော်ဟာ နိုင်ငံတော်ကို နိုင်ငံရေး စွမ်းအား၊ စီးပွားရေး စွမ်းအားနဲ့ ကာကွယ်ရေးစွမ်းအားတွေ တောင့်တင်းအောင် တည်ဆောက်နေတယ်။ ဒီလိုလုပ်တဲ့နေရာမှာ စီးပွားရေးစွမ်းအားက ဗဟိုချက်မ ဖြစ်တယ်။ စီးပွားရေးတောင့်တင်းမှ ကျန်တဲ့ စွမ်းအားနှစ်ခုကို လုပ်လို့ရမယ်ဆိုပြီး ပြောသွားပါတယ်။ ဒါ့ကြောင့် ဗိုလ်လောင်းတွေအနေနဲ့ နိုင်ငံရဲ့ စီးပွားရေးအခြေခံကောင်းတွေကို ခိုင်မာအောင် လုပ်ရမယ်လို့ သတိပေး သွားပါတယ်။

အနာဂတ် နိုင်ငံရေးနဲ့ပတ်သက်ပြီး တိုက်ရိုက်ပြောတာမရှိပေမယ့် ဗိုလ်လောင်းတွေကို နိုင်ငံ တကာ အခြေအနေတွေကို မျက်ခြေမပြတ် လေ့လာသုံးသပ်ပြီး နို်င်ငံရေးအမြင်၊ စစ်ရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေး အမြင်တွေရှိအောင် လုပ်ဖို့လိုတယ်ဆိုပြီး တိုက်တွန်း ထားပါတယ်။ ဒီအမြင် လေးမြင်ဆိုတာကို ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လည်း ရေးထားတာ သတိပြုမိပါတယ်။

နောက်ဆုံးမှာတော့ တိုင်းပြည်ခေတ်မီရုံနဲ့ မရဘူး၊ အေးချမ်းသာယာဖို့လိုတယ်။ ဒီနေ့ နိုင်ငံတော်ကို ခေတ်မီအောင် လုပ်ဖို့လိုသလို အေးချမ်းသာယာအောင်လဲ လုပ်ရမယ်လို့ ကောက်ချက်ချ ပြောကြားပြီး ဘယ်ခေတ်၊ ဘယ်စနစ်မှာပဲဖြစ်ဖြစ် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုလည်း ထမ်းဆောင်ရမယ်၊ နိုင်ငံသားအားလုံး စည်းလုံးညီညွတ်မှုဆိုတဲ့ အမျိုးသားနိုင်ငံရေးကိုလည်း ဆောင်ရွက်ကြရမယ်။ ဒီလိုလုပ်နိုင်ဖို့ ပြည်သူတွေကို စည်းရုံးလုပ်ဆောင်သွားဖို့ လိုတယ်လို့ နိဂုံးချုပ်ထားပါတယ်။

အားလုံးကို ပြန်ချုပ်လိုက်ရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မိန့်ခွန်းဟာ မျိုးဆက်သစ် တပ်မတော် အရာရှိငယ်များကို တပ်မတော် အနေနဲ့ လမ်းပြမြေပုံအတိုင်းပဲ ဆက်သွားမယ်ဆိုတာ ထပ်မံအတည်ပြု ပြောကြားရင်း မျိုးဆက်သစ်အရာရှိများဟာ အနာဂတ် နိုင်ငံရေး အတွက် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးအမြင်တွေ ရှိအောင် ပြင်ဆင်ထားဖို့ တိုက်တွန်းထားတဲ့ မိန့်ခွန်းလို့ပဲ ဆိုရမှာ ဖြစ်ပါ တယ်။

...............
http://padaukmyay.blogspot.com/
.

0 comments to "စစ်တက္ကသိုလ်ကျောင်းဆင်းပွဲ"

Leave a comment

Copyright 2009 Simplex Celebs All rights reserved Designed by SimplexDesign