A.S.M.A ဘလော့မှာ ပို့(စ်)တင်သော အသျှင်များ အထူးလိုက်နာရန်

Home � ရခိုင့် ရေနံနှင့် ဓါတ်ငွေ့များသည် ရခိုင်ပြည်၏ အသက်သွီး

ရခိုင့် ရေနံနှင့် ဓါတ်ငွေ့များသည် ရခိုင်ပြည်၏ အသက်သွီး

သယံဇာတများ ပေါများ၍ အာရှတွင်ကြီးမားသော ဓါတ်ငွေ့သိုက်ကို ပိုင်ဆိုင်ထားသည့် ယနေ့ ရခိုင် ပြည်သည် ဖွံ့ဖြိုးတိုးတက်လာရမည့်အစား ရခိုင်ပြည်သူများ၏ ဘဝမှာ ဆင်းရဲတွင်း နက်လာသည် သာမက၊ ငတ်မွတ် ခေါင်းပါးမှုများနှင့် ရင်ဆိုင်လာရသည်။ ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့တွင် ငတ်မွတ်ခြင်းကို ရင်မဆိုင်နိုင်၍ မိသားစုသုံးဦး သေပွဲဝင်သွားသည့် ဖြစ်ရပ်များပင်ရှိသည်။
.သို့သော် အခြားတဖက်တွင် နအဖ စစ်ဗိုလ်ချုပ်များသည် ရခိုင့် သဘာဝအရင်းအမြစ်များကို ထုတ် လုပ်ရောင်းစားခြင်းမှ ကြီးပွားချမ်းသာလျက်ရှိသည်။ ရခိုင့် ကမ်းလွန်ပြင်တွင် တွေ့ရှိထားသည့် အာရှတွင် အကြီးဆုံးစရင်းဝင်တခုဖြစ်သော ရွှေသဘာဝဓါတ်ငွေ့ကို ၂၀၁၃ ခုမှစ၍ တရုတ်သို့ ရောင်းချခြင်းမှ လာမည့် နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်းတွင် အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံ ကျော် ရရှိလာအုံးမည်ဖြစ်သည်။ သို့သော် ယိုယွင်းပျက်စီးနေသော ရခိုင်ပြည်၏ ပညာရေး၊ ကျန်း မာရေး၊ စီးပွားရေးနှင့် လူမှုရေးဂဏ္ဍများသည်ကား တိုးတက်မှုမရှိ ဆုတ်ယုတ်မြဲပင်။ ရခိုင်ပြည်၏ အသက်သွေးကြောဖြစ်သော ရခိုင့် ရေနံနှင့် ရွှေသဘာဝဓါတ်ငွေ့ကို ၂၄ နာရီ မီးလင်းနေသော တရုတ်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးအတွက် စစ်ဗိုလ်ချုပ်များက ရခိုင့်ဓါတ်ငွေ့အား ရောင်းစားနေသည် ကို အမှောင်ထဲမှ ထိုင်ကြည့်နေရသည့် ရခိုင်တို့၏ ဘဝပင်။
၎င်းအပြင် ရခိုင့်ကမ်းလွန်နှင့် ကုန်းတွင်းပိုင်းများတွင် တရုတ်၊ အိန္ဒိယနှင့် တောင်ကိုးရီးယားတို့မှ ရေနံနှင့် ဓါတ်ငွေ့များ ဆက်လက် ရှာဖွေတူးဖော်နေဆဲဖြစ်ပြီး ထွက်ရှိလာသော ရေနံနှင့် ဓါတ်ငွေ့ များကို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တခြားနိုင်ငံများသို့ ရောင်းထုတ်ရန် နအဖက စီမံထားရှိသည်။ ရခိုင်ပြည်သူတို့မှာကား အကျိုးအမြတ် တစုံတရာ မခံစားရသည်သာမက ရေနံနှင့် ဓါတ်ငွေ့ရှာဖွေမှု များကြောင့် လယ်ယာမြေများ အသိမ်းခံရခြင်းများ၊ ပျက်စီးဆုံးရှုံးခြင်းများနှင့် ကုမ္ပဏီလုပ်သားနှင့် စစ်တပ်တို့၏ ဖိနှိပ်ခြင်းများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေကြရသည်။
လက်ရှိအခြေအနေတွင် ရခိုင့်ကမ်းလွန်ပြင်၌ ရေနံနှင့် ဓါတ်ငွေ့တူးဖော်ရေးလုပ်ကွက် ၁၇ ခု နှင့် ကုန်းတွင်းလုပ်ကွက် ၂ ခု (စစ်တွေနှင့် ကျောက်ဖြူမြို့နယ်) သတ်မှတ်ထားရှိသည်။ ရွှေဓါတ်ငွေ့လုပ် ကွက်အပါအ၀င် ကမ်းလွန်လုပ်ကွက် ၁၀ ခုကျော်တွင် တရုတ်၊ အိန္ဒိယနှင့် တောင်ကိုးရီးယားတို့မှ ကုမ္ပဏီများသည် စစ်ဗိုလ်ချုပ်များနှင့် သဘောတူညီချက်အရ ၂၀၀၀ ခု နောက်ပိုင်းမှစပြီး တူးဖော် လုပ်ကိုင်လျက်ရှိသည်။ ကုန်းတွင်းပိုင်း လုပ်ကွက်များဖြစ်သော စစ်တွေမြို့နယ်တွင် အိန္ဒိယမှ၎င်း၊ ကျောက်ဖြူမြို့နယ်တွင် တရုတ်မှ၎င်း အသီးသီးလုပ်ကိုင်လျက်ရှိသည်။

ရွှေဓါတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး စီမံကိန်း

အာရှတွင်အကြီးဆုံး ဓါတ်ငွေ့သိုက် စာရင်းဝင်တခုဖြစ်သည့် ရွှေဓါတ်ငွေ့ကို စစ်ဗိုလ်ချုပ်များသည် တရုတ်သို့ ရောင်းချရန် အပြီးသတ် သဘောတူညီထားပြီး ရွှေဓါတ်ငွေ့ကို ၂၀၁၃ ခုနှစ်မှစတင်ကာ ပိုက်လိုင်းမှတဆင့် ပို့ဆောင်ရောင်းချတော့မည်ဖြစ်သည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး မိုင်ပေါင်း ၁၀၀၀ ကျော် ရှည်လျားသော ရွှေဓါတ်ငွေ့ပိုက်လိုင်းကို ကျောက်ဖြူမြို့နယ်မှ စတင်ကာ မြန်မာပြည် အလယ်ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းတို့ကို ဖြတ်ကျော်၍ တရုတ်နိုင်ငံ ကူမင်းပြည်နယ် ထိ ရောက်အောင် သွယ်တန်းဖောက်လုပ်မည် ဖြစ်သည်။ ရွှေဓါတ်ငွေ့ ရောင်းချခြင်းမှ စစ်ခေါင်း ဆောင်များသည် နှစ်ပေါင်းသုံးဆယ်အတွင်း အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံကျော် ရရှိမည်ဖြစ် သော်လည်း ရခိုင်ပြည်အတွက် မည်သို့အသုံးပြုမည်ကို ပြောဆိုခြင်းမရှိပေ။ တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီမှာ တောင်ကိုးရီးယားမှ ဒေ၀ူးကုမ္ပဏီဖြစ်ပြီး ဓါတ်ငွေ့ဝယ်သူမှာ တရုတ်အစိုးရပိုင် ရေနံ ကုမ္ပဏီ(CNPC)ဖြစ်သည်။

တရုတ်၏ ရေနံပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်း

ဓါတ်ငွေ့ပိုက်လိုင်းနှင့်အပြိုင် ရေနံပိုက်လိုင်းတခုကိုလည်း တည်ဆောက်မည်ဖြစ်သည်။ ကျောက်ဖြူ မြို့နယ် ပဒေးကျွန်းတွင် တရုတ် ရေနံသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ရန် ရေနက်ဆိပ်ကမ်းကြီးတခု တည်ဆောက်မည်ဖြစ်ပြီး၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ သယ်ယူလာသော ရေနံများကို ၄င်း ဆိပ်ကမ်းမှတဆင့် ရေနံပိုက်လိုင်းဖြင့် တရုတ်သို့ ရောက်အောင်ပို့ဆောင်မည်ဖြစ်သည်။ သယ်ယူ လာသော ရေနံစိမ်းများကို သိုလှောင်ရန် ပဒေးကျွန်းတွင်ပင် ရေနံသိုလှောင်ရုံကြီးတခု တည် ဆောက်မည်ဟုသိရသည်။ ပဒေးကျွန်းတွင်ရှိသော ရွာသုံးရွာကို ပြောင်းရွေ့ဖွယ်ရှိသည်ဟုလည်း သိရသည်၊

စစ်တွေမြို့နယ် ရေနံတူးဖော်ရေး လုပ်ငန်း (Block L)

အိန္ဒိယမှ အက်ဆာ(Essar) ရေနံကုမ္ပဏီသည် ၂၀၀၅ ခုနှစ် နှောင်းပိုင်းမှစတင်၍ စစ်တွေမြို့နယ် တွင် ရေနံ စမ်းသပ်ရှာဖွေမှုများကိုပြုလုပ်ခဲ့ပြီး ယနေ့အခြေအနေတွင် ရေနံတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ မိုင်းခွဲ၍ ရေနံစမ်းသပ်ရှာဖွေတူးဖော်မှုကြောင့် ဒေသခံများ၏ လယ်မြေများ နှင့် ပုဇွန်ကန်းများ ပျက်စီးခြင်းနှင့် ရင်ဆိုင်နေရပြီး လယ်ယာမြေများလည်း လျော်ကြေးမရဘဲ အသိမ်းခံနေကြရသည်။ ရေနံရှာဖွေတွေ့ရှိပါက ရွာများပြောင်းရွေ့ခံရမည်ကို စိုးရိမ်မကင်းဖြစ်နေ ကြရသည်။

ကျောက်ဖြူမြို့နယ် ရေနံတူးဖော်ရေး လုပ်ငန်း (Block M)

တရုတ်ရေနံကုမ္ပဏီ(CNOOC)သည် ၂၀၀၄ ခုနှစ် နှောင်းပိုင်းမှစတင်၍ ယနေ့အခြေအနေထိ ကျောက်ဖြူမြို့နယ်တွင် ရေနံစမ်းသပ် ရှာဖွေတူးဖော်မှုများကို လုပ်ကိုင်လျက်ရှိသည်။ မိုင်းခွဲ၍ ရေနံ စမ်းသပ်ရှာဖွေ တူးဖော်မှုကြောင့် ဒေသခံများ၏ လယ်မြေများနှင့် ပုဇွန်ကန်များ ပျက်စီးခြင်းနှင့် ရင်ဆိုင်နေရပြီး လယ်ယာမြေများလည်း လျော်ကြေးမရဘဲ အသိမ်းခံနေကြရသည်။ ၄င်းအပြင် ရခိုင်ဘုရင်လက်ထက်ကတည်းကပင် လုပ်ကိုင်လာသော လက်တွင်းများ အသိမ်းခံနေရပြီး တရုတ် တို့၏ ခေတ်သစ်စက်ကရိယာများဖြင့် ရေနံ တူးဖော်နေခြင်းများက ဒေသခံများ၏ နှစ်ပေါင်းများစွာ မှိခိုအားထားလာခဲ့ကြသော လက်တွင်းတူးလုပ်ငန်းများ ပျက်သုန်းမှုကို ခြိမ်းခြောက်နေသည့်အပြင် ဒေသခံများစွာက တရုတ်က ရေနံရှာဖွေတွေ့ရှိပါက ရွာများပြောင်းရွေ့ခံရမည်ကိုလည်း စိုးရိမ်မ ကင်းဖြစ်နေကြရသည်။

ရခိုင့်သယံဇာတများသည် ရခိုင်ပြည်၏ အသက်သွေးကြော

ဗမာအုပ်ချုပ်သူများသည် ရခိုင်ပြည်အား နှစ်ပေါင်းများစွာ ခေါင်းပုံဖြတ်အမြတ်ထုတ် ဖိနှိပ်အုပ်ချုပ် ထားခြင်းကြောင့် ဖိုးဖီးစိုင်လာအရ ကြွယ်ဝချမ်းသာလာခဲ့သော်လည်း အခုအချိန်တွင် ယိုယွင်းပျက် စီးဆုံးရှုံးနေသည့် ရခိုင်ပြည်အား ပြည်လည်တည်ထောင်ရန် ရခိုင့်သယံဇာတများမှာ ရခိုင်လူမျိုး၏ အသက်သွေးကြောပင်ဖြစ်သည်။ ရခိုင့်သယံဇာတများကို ရခိုင်ပြည်သူများ လွတ်လပ်စွာ ကိုယ်ပိုင် စီမံခွင့်ရပါမှ ရခိုင့်ဘ၀တိုးတက်ရေးအတွက် ဖြစ်လာမည်။
...............
စာရေးသူ
ကျော်ခိုင်
.

0 comments to "ရခိုင့် ရေနံနှင့် ဓါတ်ငွေ့များသည် ရခိုင်ပြည်၏ အသက်သွီး"

Leave a comment

Copyright 2009 Simplex Celebs All rights reserved Designed by SimplexDesign